ပါကစ္စတန်တွင် မိုးသည်းထန်မှုကြောင့် လူ ၁၀ ဦးသေဆုံး

By ANI 
23 March 2023
ပါကစ္စတန်တွင် မိုးသည်းထန်မှုကြောင့် လူ ၁၀ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်ရှိ အာဝါရန်နှင့် ဇော့ဘ်နယ်မြေများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လူ ၁၀ ဦး ထက်မနည်း ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတာဝန်ရှိသူများကို ကိုးကား၍ Dawn သတင်းတွင် ဖော်ပြထားသည်။ 

ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူ ၁၀ ဦးအနက် ၈ ဦးသည် အာဝါရန်မှ ကာလတ်မြို့သို့ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် မိသားစုဝင်များ ဖြစ်ကြသည်။
သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ရှာဖွေရန် ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့် အာဝါရန်မှ အုပ်ချုပ်ရေးမှူးများ ထိုဒေသသို့ သွားရောက်ခဲ့ကြသည်။

ရုပ်အလောင်း ၇ လောင်းကို ပြန်တွေ့ခဲ့ပြီး ဒေသဆိုင်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဝါရန်မြို့ ဒုတိယရဲမင်းကြီး ဂျမ်မာဒက်ခန်းက Dawn သတင်းဌာနသို့ အတည်ပြုခဲ့သည်။

ကာလတ်မြို့ ဆူရ်ဘတ်ရပ်ကွက်မှ အဆိုပါ မိသားစုသည် နေအိမ်သို့ ပြန်လာချိန်တွင် ယခုကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူ ၈ ဦးအနက် ၇ ဦး၏ ရုပ်အလောင်းများကို ဇာတိမြို့သို့  တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြောင်း ဒုရဲမင်းကြီးက ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဇော့ဘ်ဒေသတွင်လည်း လူ ၂ ဦးထက်မနည်း သေဆုံးခဲ့သည်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly