"ဝ" ​ဒေသ အွန်လိုင်းရာဇဝတ်မှုများ၌ Mytel ကွန်ရက်အသုံးပြု​နေမှု စုံစမ်းစစ်ဆေးရန် ဗီယက်နမ်အစိုးရထံ တိုက်တွန်း

By 001 (မဇ္စျိမ)
19 October 2023
"ဝ" ​ဒေသ အွန်လိုင်းရာဇဝတ်မှုများ၌ Mytel ကွန်ရက်အသုံးပြု​နေမှု စုံစမ်းစစ်ဆေးရန် ဗီယက်နမ်အစိုးရထံ တိုက်တွန်း
အွန်လိုင်းရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ "ဝ" ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့သည့် တရုတ်နိုင်ငံသားများ (Photo/ WSTV)

“ဝ” ဒေသအွန်လိုင်းရာဇဝတ်မှုများ၌ Mytel ဆက်သွယ်ရေးကွန်ရက်အသုံးပြု‌ ဆောင်ရွက်နေသည့်အပေါ် စုံစမ်းစစ်ဆေးရန် Mytel ဆက်သွယ်ရေးကွန်ရက်နှင့် ဖက်စပ်ကုမ္ပဏီViettel အား ပိုင်ဆိုင်သည့် ဗီယက်နမ်အစိုးရထံ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က တိုက်တွန်းလိုက်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ညှင်းပန်းနှိပ်စက်မှုများအကြောင်း “ငရဲတွင်း၌ ပိတ်မိခြင်း” ခေါင်းစဉ်ဖြင့်  ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ”ဗီယက်နမ်အစိုးအနေနဲ့ Viettel ကို ဒီ Mytel နဲ့ ပူးပေါင်းမှုကနေ နှုတ်ထွက်ဖို့ ဖိအားပေးသင့်တယ်လို့မြင်တယ်။ နောက်တခုကကျတော့ အခု Sexual Slavery (လိင်ကျွန်ပြုခြင်း) လုပ်ခံရတဲ့အထဲမှာလည်း ဗီယက်နမ်နိုင်ငံသူတွေလည်း အများကြီးပါနေတာမျိုးတွေရှိတယ်။ ကျွန်မတို့ စာရင်းကောက်ယူမှုအရဆိုရင်ပေါ့။ သူတို့နိုင်ငံသားတွေအတွက်ရော သူတို့တခုခု ပြန်ပြီးမှ အသံထွက်ပေးသင့်တယ်။ ဗီယက်နမ်အစိုးရအနေနဲ့ ကူညီပေးသင့်တယ်လို့ ကျွန်မအနေနဲ့ထင်ပါတယ်”ဟုပြောသည်။

Mytel ဆက်သွယ်ရေးကွန်ရက်ကို မြန်မာစစ်တပ်မှ တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်ပြီး စောင့်ကြပ်မှုများကို ကျယ်ပြန့်စွာလုပ်ဆောင်နေသော်လည်း “ဝ”ဒေသတွင် အဆိုပါ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး အွန်လိုင်းရာဇဝတ်မှုများ ကျူးလွန်နေကြသည်ကို ထိထိရောက်ရောက် အရေးယူခြင်းမရှိသည်မှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

Mytel သည် ဗီယက်နမ်အစိုးရပိုင် Viettel နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်ပြီး ယခင်က ပန်ဆန်းနှင့် မိုင်းပေါက်မြို့တို့မှ ဒေသခံများအနေဖြင့် တရုတ်ဆက်သွယ်ရေးကွန်ရက်များကိုသာ အသုံးပြုခဲ့ကြသော်လည်း လွန်ခဲ့သည့် လေးနှစ်မှစ၍ “ဝ” ဒေသသို့ Mytel ကွန်ရက်ဖြန့်ကျက်လာချိန်တွင်  လူအများစုက Mytelကို  အသုံးပြုလာခဲ့ကြောင်း သိရသည်။

 “ငရဲတွင်း၌ ပိတ်မိခြင်း” အစီရင်ခံစာကို ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းတွင် ငွေလိမ်ခြင်းလုပ်ငန်း၊ လောင်းကစားနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ညှင်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည့် လူငယ်အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦးကို တွေ့ဆုံမေးမြန်းထားမှုများအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

“ဝ”ဒေသနှင့် ကိုးကန့်ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ယင်းကဲ့သို့ ဒုစရိုက်လုပ်ငန်းများကို ခွင့်ပြုထားသည့်အပြင် ရာဇဝတ်ဂိုဏ်းသားများကိုပင် အကာအကွယ်ပေးနေကြကြောင်း အင်တာဗျူးတွေ့ဆုံဖြေကြားခဲ့သူများကပြောဆိုခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ​ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန်၊ တရုတ်အစိုးရအနေဖြင့် ၎င်းတို့ နိုင်ငံသားများသည် ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသများတွင် ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို ထိထိရောက်ရောက်အရေးယူကိုင်တွယ်ဖြေရှင်းရန် SHRFကတိုက်တွန်းထားသည်​။

အဆိုပါအွန်လိုင်းလိမ်လည်မှုများတွင် စစ်ကောင်စီက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်းလည်း  အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို ကျူးလွန်နေပြီး အဆိုပါရာဇ၀တ်မှုများမှ ၎င်းတို့ရရှိထားသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ဖော်ထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

လတ်တလောတွင်  တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအား နှိမ်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုတရုတ်က ဖိအားပေးလျက်ရှိသည်။ ယခုနှစ်ပိုင်းအတွင်း  မြန်မာဘက်အခြမ်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူဟု သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၄,၆၆၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းတရုတ် ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ထို့အပြင်အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ဟုဆိုကာ  “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို တရုတ်က မကြာသေးမီကပင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly