အစ္စရေး-ဟားမတ်စ် စစ်ပွဲအကြား ဂါဇာ၌ လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး

အစ္စရေး-ဟားမတ်စ် စစ်ပွဲအကြား ဂါဇာ၌ လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး
ဓာတ်ပုံ − နေရပ်စွန့်ခွာထွက်ပြေးနေရသည့်ပါလက်စတိုင်းပြည်သူများ (AFP)

အစ္စရေးက ဟားမတ်စ် စိုးမိုးအုပ်ချုပ်သည့် ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လုံးလုံးလျားလျား မြေပြင်ထိုးစစ်တခုအတွက် ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ဆက်လက်စုစည်းနေရာချထားခဲ့ချိန် ဂါဇာတွင် လူပေါင်း တစ်သန်းကျော်သည် ဖရိုဖရဲ အခြေအနေမြင်ကွင်းများနှင့်အတူ ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့က ကြီးကြီးမားမား ခံစစ်ပြင်ထားသည့် နယ်စပ်ကို ချိုးဖျက်ဝင်ရောက်ပြီး အစ္စရေးကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားအများစု အပါအဝင် အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော် သေဆုံးခဲ့ရပြီးနောက် အစ္စရေးသည် ဟားမတ်စ်အဖွဲ့အပေါ် စစ်ကြေညာခဲ့သည်။

ယင်းနောက် အစ္စရေးသည် ဂါဇာကို မရပ်မနား ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဂါဇာ၌ အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ပြီး အရပ်သား အများစု အပါအဝင် အနည်းဆုံး လူ ၂,၆၇၀ ဦး သေဆုံးခဲ့သည်။

ယခုအခါ ပါလက်စတိုင်း ပြည်သူများသည် အိတ်များ၊ ခရီးဆောင် လက်ဆွဲသေတ္တာများဖြင့် ၎င်းတို့ သယ်နိုင်သမျှ ပိုင်ဆိုင်ပစ္စည်းများကို သယ်ဆောင်ကာ သုံးဘီးဆိုင်ကယ်များ၊ ချုံးချုံးကျနေသော ကားများ၊ ဗင်ကားများနှင့် ယုတ်စွအဆုံး မြည်းလှည်းများဖြင့် တင်ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေမှုများကို မြင်တွေ့နေရသည်။

ဂါဇာကမ်းမြှောင်ဒေသ၏ တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းကြရန် အစ္စရေး၏ ညွှန်ကြားချက်တရပ် ထွက်ရှိပြီးနောက် ဗုံးကြဲမှုများမှ ထွက်ပြေးရင်း ပါလက်စတိုင်းများသည် လမ်းများပေါ်တွင်နှင့် ကုလ စီမံခန့်ခွဲသော ကျောင်းများတွင် အပါအဝင် ၎င်းတို့ ရှာနိုင်သမျှ ခိုလှုံရာနေရာများကို ရှာဖွေနေကြရသည်။

“လျှပ်စစ်မီး မရှိဘူး။ ရေ မရှိဘူး၊ အင်တာနက် မရဘူး။ ကျုပ်ရဲ့ လူသားဘဝကို ဆုံးရှုံးနေရပြီလို့ ခံစားရတယ်” ဟု ဂါဇာမြို့မှ တောင်ဘက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး လက်ရှိတွင် သူစိမ်းများနှင့်အတူ နေနေရသည့် အသက် ၅၅ နှစ်အရွယ် မိုနာ အဗ္ဗဒဲလ် ဟာမစ်ဒ်က ပြောသည်။

“အစွန်းရောက်ဝါဒီများကို ဝင်ရောက်နှိမ်နင်းရန်” လိုအပ်သည် ဆိုသော်လည်း ဂါဇာ နယ်မြေဒေသကို သိမ်းပိုက်မည့် မည်သည့်လုပ်ရပ်မဆိုက “ကြီးမားသည့် အမှား” တခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က CBS သတင်းအစီအစဉ် 60 Minutes နှင့် အင်တာဗျူးတခုတွင် အစ္စရေးကို သတိပေးပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required