ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

By MTO(မဇ္ဈိမ)
19 October 2023
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အင်အား ၁၀ ဦးဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်နေရာခွဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊ ညောင်စောက်ကျေးရွာက အရပ်သားပိုင် ပစ္စည်းများကို နွားလှည်းဖြင့် ယူဆောင်လာစဉ် ညောင်စောက်နှင့် မဲကုန်းကျေးရွာအကြားတွင် အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“တရွာဝင်တရွာထွက် ပစ္စည်းတွေ သယ်နေတာ၊ နှစ်ယောက်က နွားလှည်းပေါ် မှာ နောက်ထပ် ငါးယောက်က လမ်းလျှောက်လိုက်တာကို နှစ်ပွိုင့်ခွဲပြီး ဆွဲတာ၊ ဒီကောင်တွေ အကုန်ထိတယ်၊ လှည်းပေါ်က နှစ်ယောက်ပဲ လှည်းမောင်းပြီး ပြေးသွားနိုင်တယ်၊ ကျန် ငါးယောက်က အဲ့နားမှာတင် တခါတည်းလဲသွားတာ၊  သေတာလား ဒဏ်ရာရသွားတာလားတော့ အတည်မပြုနိုင်ဘူး” ဟု ရေစကြို ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိနစ် ၃၀ နီးပါး အကြာတွင် မဲကုန်းရွာဘက် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက မိုင်းဆွဲခံရသည့် နေရာအနီး တဝိုက်ကို လက်နက်ကြီးများဖြင့် လှမ်းပစ်ကာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ခေါ်ထုတ်သွားကြောင်း ရေစကြို ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ ညောင်စောက်  မဲကုန်း ၊ သမန္တပို့  ၊ နွားထိန်းနှင့် စဉ့်ကိုင် စသည့်ကျေးရွားများ ဆက်လက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။     ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly