ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်အသတ်ခံရမှု ပေါင်းတည်မှ ဒုရဲအုပ်နှင့်မိသားစုကို သံသယတရားခံအဖြစ် ဖမ်းဆီး

By ရွှေနွယ်( မဇ္ဈိမ )
19 October 2023
ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်အသတ်ခံရမှု ပေါင်းတည်မှ ဒုရဲအုပ်နှင့်မိသားစုကို သံသယတရားခံအဖြစ် ဖမ်းဆီး
ပုံအညွှန်း - အလောင်းတွေ့ရှိရာနေရာတွင်စစ်ဆေးနေကြစဥ်

ရန်ကုန်တိုင်း ကြည့်မြင့်တိုင်မြို့နယ်မှ ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟုသံသယရှိသူ ပေါင်းတည်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်နှင့် မိသားစုဝင်များကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၆ ရက်နေ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံ များထံမှသိရသည်။

ဇဗ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့် က ညစျေးရှိ ၎င်း၏ရွှေဆိုင်သိမ်းပြီး အပြန်လမ်းတွင် လူတစု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကာအောက်တိုဘာလ ၉ ရက်နေ့တွင် ထောက်ကြန့်မြို့ အမြန်လမ်းတနေရာ၌ အလောင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်က ဆင်းဖမ်းသွားတယ်။ ပေါင်းတည်စခန်းမှာ ထားသေးတယ်။ ဘယ်ရက်က ရန်ကုန်ပို့လိုက် လည်းမသိဘူး။ လွတ်နေတာတွေရှိသေးတယ်လို့ သိရတယ်” ဟု ပေါင်းတည်မြို့ခံက ပြောသည်။

ဦးမင်းဇော်ဦးအားသတ်ဖြတ်မှုသံသယဖြင့် ဖမ်းဆီးခံရသူများမှာ ပေါင်းတည်မြို့ရဲစခန်းမှ ဒုရဲအုပ် နယ် ထိန်းခေါင်းဆောင် နေမျိုးအောင်၊ ယောက်ဖတော်စပ်သူ ဖိုးသား(ခေါ်) ချစ်ကို၊ အသည်းကြီး၊ ခိုင်ကိုကို မောင်နှင့် ဇနီး စုမြတ်မွန်၊ ရဲခေါင်၊ မယားညီအကိုတော်စပ်သူ ဘိုချဲ၊ ခယ်မတော်စပ်သူ ရွှေစင်နှင့် သဲကုန်း မြို့နယ်မှ အမျိုးသားနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒုရဲအုပ်မှာ သင်တန်းတက်နေသည့် နေပြည်တော်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံမှဆိုသည်။

“ရွှေချိန် တပိဿာကျော်ယူလာပြီး ပေါင်းတည်က သုံးဆိုင်ကို သူ့နှမတွေက ရောင်းထားတယ်။ အဲဒါတွေ က အလုံးစုံပြန်ရပြီ။ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မှာလည်းရောင်းထားတာ အကုန်ပြန်ရပြီ။ အိမ်မှာ မြေကြီးထဲတူးပြီးမြုပ်ထားတာရောပဲ” ဟု ပေါင်းတည်မြို့မှ အခြားဒေသခံတဦးကလည်း ဆိုသည်။

သတ်ဖြတ်မှုကို ကျူးလွန်သူမှာ သုံးဦးဖြစ်ကြောင်းနှင့် ကျန်လူများမှာ ရွှေများထုခွဲရောင်းချမှုနှင့် ဆက်စပ် နေသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့သော ရဲဝတ်စုံနှင့် အသုံး အဆောင်ပစ္စည်းများသည် နေမျိုးအောင်၏ ပစ္စည်းများဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

“သူတို့က အစတည်းက ဒလန်မိသားစုပဲဗျ။ သစ်ခိုးထုတ်၊ သစ်မှောင်ခိုလုပ်ကြတယ်။ ကျွန်တော်တို့ ပစ် မှတ်ထဲမှာလည်း ဒီမိသားစုပါတယ်။ အခုတော့ သူ့စရိတ်နဲ့သူသွားပြီ” ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူမှလည်းဆိုသည်။

ဖမ်းဆီးခံရသည့် သံသယတရားခံများအနက်မှ မစုမြတ်မွန်နှင့် ရဲခေါင်တို့ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဦးမင်းဇော်ဦး၏ နာရေးကို အောက်တိုဘာ ၁၁ ရက်နေ့ကပြုလုပ်ခဲ့ပြီး ရက်လည် ရေစက်ချတရားနာကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly