ပြောင်းဆန်စစ်ဆင်ရေးမှသည် စစ်ကောင်စီရဲ့ထိပ်တန်းအကွဲအပြဲ

By Eagle One
12 October 2023
ပြောင်းဆန်စစ်ဆင်ရေးမှသည် စစ်ကောင်စီရဲ့ထိပ်တန်းအကွဲအပြဲ

◾ဖြစ်စဉ် အစ

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာ မန္တလေးကနေ ကုန်ရထားနဲ့သယ်လာတဲ့ ပြောင်းဆန်ရထားတွဲ ၅၁ ခန့်ကို မော်လမြိုင်ဘူတာမှာ အကောက်ခွန်က ဖမ်းမိတယ်။ ဆက်စပ်သတင်းအရ ရထားတွဲ ၃၇ ခန့် ပမာဏရှိတဲ့ ပြောင်းဆန်တွေကို ကျိုက်မရောဆိပ်ကမ်းမှာထပ်မိတယ်။ ဆက်စပ်ဖေါ်ထုတ်မှုအရ မကြာသေးမီက ပြောင်းဆန် ကုန်ရထားတွဲ ၅၀ ခန့်ကလည်း မြဝတီကနေတဆင့် ထိုင်းဖက်ကို တရားမဝင် ပို့ပြီးကြောင်း နောက်ဆက်တွဲ စစ်ဆေးမှုတွေကနေ သိရတယ်။

(ဩဂုတ်လ ၁ ရက်နေ့ကို ပြောင်းဆန်တင်ပို့ရန် ခွင့်ပြုတဲ့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ကုန်သည်တွေက ဩဂုတ်လ ၁ ရက်နေ့ မတိုင်မီ မြဝတီကနေ ထိုင်းဖက်ကို အလျင်အမြန် ပို့နိုင်ဖို့ အရေးကြီးတဲ့ အချက်တချက် ဖြစ်ပါတယ်။)

◾စီးပွား/ ကူးသန်း အားနည်းချက်

(၁) စစ်ကောင်စီရဲ့ စီးပွား/ ကူးသန်းဝန်ကြီးဌာနမှာ ရထားဖြင့်ကုန်စည် သယ်ယူပို့ဆောင်မှု (logistics  by train) အတွက် ပို့ကုန် QR Code မသတ်မှတ်ရသေးပါဘူး။ ကားလမ်းဖြင့် သယ်ဆောင်မှု၊ ရေလမ်းဖြင့် သယ်ဆောင်မှု အတွက်သာ စီးပွား/ ကူးသန်းတွင် ပို့ကုန် QR Code သတ်မှတ်ထားတာ ရှိတယ်။ ရထာလမ်း (Logistics  by train) သယ်ယူပို့ဆောင်ရေးနဲ့ပတ်သတ်ပြီး စီးပွား/ ကူးသန်း မှာ QR code မရှိသေးဘူး။

ဒီအချက်ကို စီးပွားရေးသမားတွေက အခွင့်အရေးယူခဲ့တာဖြစ်တယ်။ သူတို့က ကားနဲ့သယ်ရင် စစ်တောင်း တံတားထိပ်က မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ရမှာ၊ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ရင် ဘယ်ကိုသယ်မှာလဲ၊ ဘယ်ကိုပို့မှာလဲ၊ လိုင်စင်ရှိလား၊ မေးခွန်းတွေအများကြီးကို ဖြေရှင်းရမှာ။ ရထား လမ်းကြောင်းနဲ့သယ်တော့ ဖြေရှင်းစရာမလိုတော့ဘူး။ နောက် ဂိတ်ကြေးတွေလည်း ပေးစရာမလိုတော့ ဘူးလေ။ ဒါကြောင့် မန္တလေးကနေ မော်လမြိုင်အထိ ဘာမှအစစ်ခံစရာမလိုတဲ့ ကုန်ရထားတွဲတွေနဲ့ ရထား လမ်းကြောင်းကနေ (logistics by train) သယ်ယူပို့ဆောင်တဲ့ နည်းလမ်းကို ကုန်သည်တွေက အသုံးပြု တာဖြစ်တယ်။

(၂) “တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးကာကွယ်တိုက်ဖျက်ရေးဗဟိုအဖွဲ့” မှာ စီးပွား/ ကူးသန်း ဝန် ကြီးဌာနက အဓိကဝန်ကြီးဌာန (Focal ministry) အနေနဲ့ တာဝန်ပေးခြင်းခံရပါတယ်။ ဒီ "တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးကာကွယ်တိုက်ဖျက်ရေးကော်မတီ" ကိုလည်း ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်မှာ ဖွဲ့စည်းခဲ့ပြီး၊ တရားမဝင်ကုန်စည်တွေကို တားဆီးခဲ့၊ ဖမ်းဆီးခဲ့ပါတယ်။ အောင်မြင် အောင်၊ ပပျောက်အောင် မဆောင်ရွက်နိုင်သေးတဲ့ ခေါင်းစဉ်တခု ဖြစ်ပါတယ်။

အခု မော်လမြိုင်မှာဖမ်းဆီးရမိခဲ့တဲ့ ရထားတွဲ ၅၀ က ပြောင်းဆန်တွေကို စစ်ဆေး မေးမြန်းရင်းနဲ့ ဆက်စပ် သတင်းတွေအရ ကုန်သည်တွေက ပထမအကြိမ် ရထားတွဲ ၅၀ နဲ့ သယ်ယူလာခဲ့တဲ့ ပြောင်းဆန်တွေ ထိုင်း ဖက်ခြမ်းကို ခိုးထုတ်သွားခဲ့တာကို ဒီကော်မတီ (တရားမဝင် ကုန်စည်စီးဆင်းမှုတားဆီးကာကွယ် တိုက် ဖျက်ရေးကော်မတီ)က မဖမ်းမိခဲ့ဘူး၊ မသိခဲ့ဘူး။ မန္တလေးကနေ မော်လမြိုင်ကို ကုန်ရထားတွဲ နဲ့ သယ်ယူ လာတယ်။ အဲဒီနောက် မော်လမြိုင်ကတဆင့် မြဝတီအပေါက်ကနေ ထိုင်းဖက်ကို ခိုးထုတ်သွားတယ်။ ဒီ ကော်မတီက မသိလိုက်ဘူး ဖြစ်သွားတယ်။

အဲဒီမှာ ဒီကော်မတီတာဝန်ရှိသူအချို့က ပွဲကြမ်းတော့တာဘဲ။ အကုန်ဖမ်း၊ စစ်၊ ပို့ကုန်ဥပဒေနဲ့ အရေးယူ၊ ထောင်ချ၊ ပြောင်းဆန်တွေသိမ်း၊ လွတ်သွားတဲ့ပို့ကုန်ရငွေ ပြန်သွင်းခိုင်း၊ အကုန် ဇာတ်လမ်းစရှုပ်တော့ တာပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း၊ ဩဂုတ်လပထမပတ်အတွင်း နေပြည်တော်မှာ တိရစ္ဆာန်အစာ “ပြောင်းဆန် စစ်ဆင်ရေး” လုပ်တာ လူစည်ကားခဲ့တယ်။

◾အချိန်ကန့်သတ်ချက်

ဇူလိုင်လကုန်၊ ဩဂုတ်လ ၁ ရက်နေ့ရောက်ရင် နစက အာဏာယူခဲ့တဲ့ သက်တမ်းက နှစ်နှစ်နဲ့ခြောက်လ ပြည့်မှာဖြစ်တယ်။ အဲ့ဒီနေ့မှာ ကာလုံအစည်းအဝေးခေါ်ပြီး သက်တမ်း တိုး/ မတိုး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ အခု “ပြောင်းဆန်” ပြဿနာစစ်ဆင်ရေး နဲ့ နစကသက်တမ်း တိုး/ မတိုးကာလက အရမ်း နီးနေတယ်။

နောက်တစ်ခုက “ပြောင်းဆန်” တွေတင်ပို့မှု အားလုံးကို ဩဂုတ်လ ၁ ရက်နေ့မတိုင်မီ တင်ပို့မှုအပြီးလုပ် ရမယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။ ဒါကြောင့် ပြောင်းဆန်ကုန်သည်တွေက ဩဂုတ် ၁ ရက် မတိုင်မီ ထိုင်းဖက်ကို အမြန်တင်ပို့ဖို့အတွက် စစ်ဆေးမှုမရှိတဲ့၊ သယ်ပို့လမ်းကြောင်းရှင်းတဲ့ မီးရထားလမ်း ကုန် ရထားတွဲတွေ နဲ့ Logistics company အပ်ပြီး သယ်ယူပို့ဆောင်ခဲ့ကြတာ ဖြစ်တယ်။

◾ဥပဒေခွင့်ပြုချက် တခုကို အသုံးချခြင်း

ဥပဒေရဲ့ခြွင်းချက်တခုက ပြည်တွင်းဥပဒေမှာ “ပြောင်းဆန်” အပါအဝင် ပြည်တွင်းထွက် ကုန်စည်တွေက ပြည်တွင်းမှာ တနေရာကနေ နောက်တနေရာကို လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်း ထားတယ်။ ဒီလိုမလုပ်ဘဲ နယ်ကျော်/တိုင်းကျော်/ပြည်နယ်ကျော်လုပ်ဖို့အတွက် ဌာနဆိုင်ရာမှာ ထောက် ခံချက်/ခွင့်ပြုချက် ယူရမယ်ဆိုရင် အဲဒီဌာန၊ အဲဒီအဆင့်မှာ လုပ်ငန်းစဉ်ကြန့်ကြာမှုနဲ့ လာဘ်ပေး လာဘ် ယူမှုတွေ မဖြစ်ဘူး၊ မရှိဘူးလို့ မပြောနိုင်ဘူး။

အခု မော်လမြိုင်ဘူတာမှာဖမ်းဆီးရမိတဲ့ ပြောင်းဆန်က ရေဆိပ်လည်း မဟုတ်၊ နယ်စပ်ဂိတ်လည်း မဟုတ် ဘူး  ပြည်တွင်းမှာပဲ ရှိပါသေးတယ်။

◾ပို့ကုန်လိုင်စင်

ပို့ကုန်လိုင်စင်က ဘယ်နေရာကကုန်ကို ဘယ်နည်းလမ်း (ကုန်ကား/ ကုန်းလမ်း/ ရေလမ်း စသည်ဖြင့်) ဖြင့် ဘယ်နေရာသို့ သယ်ယူပို့ဆောင်မည်။ ဘယ်ဂိတ်မှ/ ဘယ်ဆိပ်ကမ်းမှ စသည်ဖြင့် ဘယ်နိုင်ငံသို့ ပို့ပါမည် ဆိုပြီး QR code ပါတဲ့ ပို့ကုန်လိုင်စင်ကို စီးပွား/ ကူးသန်းက ထုတ်ပေးပါတယ်။ QR code မှာ ကုန်တွဲကား နဲ့သယ်ယူပို့ဆောင်မယ်ဆိုရင် ယာဉ်အမှတ် အပါအဝင်၊ ကုန်စည်အမျိုးအစား၊ ဘယ်နေရာ (point) ကနေ ဘယ်နေရာ (point)သို့ မည်သည့် သယ်ယူပို့ဆောင်ရေးနည်းလမ်း (ကားလမ်း/ ရေလမ်း) ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံရဲ့ ရေဆိပ်/ လေဆိပ်/ နယ်စပ်ဂိတ် တခုခုကနေ ပြည်ပနိုင်ငံကိုပို့ပါမည်ဆိုပြီး ပို့ကုန်လိုင်စင် QR code ထဲမှာ အပြည့်အစုံ ပါပါတယ်။

မန္တလေးကနေ စတင်သယ်ယူကတည်းက ပို့ကုန်လိုင်စင်လျှောက်ထားရယူပြီးမှ သယ်ယူနိုင်သလို၊ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းမည်သည့်နေရာမှမဆို ကုန်စည်တင်ပို့ရန် လိုင်စင်လျှောက်ထားနိုင်ပါတယ်။ ပြောင်းဆန် စတဲ့ကုန်စည်တွေက ပြည်တွင်းမှာစိတ်ကြိုက် လွတ်လွတ်လပ်လပ်သယ်ယူနိုင်တဲ့ ဥပဒေတချက်ကလည်း ပြဋ္ဌာန်းထားတယ်။ သဘောကတော့ ပို့ကုန်လိုင်စင်လျှောက်ထားမှုကို မော်လမြိုင်မှာ  ပြောင်းဆန်ရောက် ပြီးမှ စီးပွား/ ကူးသန်းမှာ လိုင်စင်စလျှောက်လည်း အကျုံး ဝင်ပါသေးတယ်။ နောက်ဆုံးအဆင့် မြဝတီ ရောက်မှ လိုင်စင်လျှောက်လည်း အကျုံးဝင်ပါသေးတယ်။ မော်လမြိုင်၊ မြဝတီ တနေရာရာမှာ လိုင်စင် လျှောက် ပို့ကုန်လိုင်စင် QR code ကပ်ပြီး ထိုင်းဖက်ကို မြဝတီဂိတ်ကနေပို့လည်း အကျုံးဝင် နိုင်သေးတယ်။

ဒါပေမဲ့ ဒီကုန်စည်တွေကို ပြည်တွင်း၌ တနေရာကနေ တနေရာသယ်ပြီး အမှန်တကယ် ပို့ကုန်လိုင်စင် လျှောက်ပြီးမှ တင်ပို့သလားဆိုတာက ကုန်စည် စစ်ဆေးရေးဂိတ် (check point) အပေါ်မှာ မူတည်တယ်။ ကားလမ်း၊ ရေလမ်းနဲ့ သယ်ယူပို့ဆောင်မှုအတွက် စစ်ဆေးရေးဂိတ်တွေရှိပေမဲ့၊ မီးရထားလမ်းနဲ့ သယ်ယူ ပါက စစ်ဆေးရေးဂိတ်မရှိဘူး။ ဒါ့အပြင် မီးရထားလမ်း ကုန်သယ်ယူပို့ဆောင်မှုနဲ့ပတ်သက်ပြီး၊ ပို့ကုန် လိုင်စင် QR code မသတ်မှတ်ထားတာကလည်း အဓိက အားနည်းချက် ဖြစ်ပါတယ်။

ဒီ အချက်ကို အသုံးချပြီး ကုန်သည်တွေက ပြည်ပကို ကုန်တွေမှောင်ခို ခိုး ထုတ်သွားနိုင်တယ်။  ဒါကြောင့်လည်း ပထမအကြိမ် မော်လမြိုင်ရောက်လာတဲ့ ကုန်ရထားတွဲ ၅၀ နဲ့ သယ် ယူလာတဲ့ ပြောင်းဆန်တွေ ပို့ကုန်လိုင်စင်မရှိဘဲ၊ လမ်းကြောင်းတလျှောက် အစစ်ဆေး၊ အမေးမြန်း မခံရဘဲ ထိုင်းဖက်ခိုးပို့ခဲ့တာဖြစ်တယ်။ ဌာနဆိုင်ရာက မဖမ်းမိခဲ့ဘူး။ ပို့ကုန်ရငွေ (export earnings) စာရင်း ပျောက်အောင် ကုန်သည်ရဲ့ရိုက်ချက်ကလည်း အတော်ပြင်းသွားတယ်။ တရားဝင် ပို့ကုန်လိုင်စင် လျှောက် ပြီး၊ QR code နဲ့ ပြည်ပတင်ပို့ပါက ပို့ကုန်ရငွေရဲ့ ဒေါ်လာ ၅၀% ကို ဗဟိုဘဏ် ရည်ညွှန်းသတ် မှတ်နှုန်း ၂၁၀၀ ကျပ်နဲ့ ကျပ်ငွေ လဲလှယ်ယူရမှာ ဖြစ်ပါတယ်။ အခု ပို့ကုန်လိုင်စင်မလျှောက်ဘဲ ခိုးထုတ်တော့ ပို့ကုန်ရငွေ ဒေါ်လာ ၁၀၀% ကို ကုန်သည်ကရရှိမှာ ဖြစ်ပါတယ်။

မော်လမြိုင်မှာ ဖမ်းဆီးရမိတဲ့ ပြောင်းဆန်တွေရဲ့ တန်ချိန်အချို့က ပို့ကုန်လိုင်စင်ရှိတယ်၊ အချို့က လိုင်စင် မရှိဘူးလို့လည်း ကုန်သည်တွေထံကနေ အမျိုးမျိုး ကြားရတယ်။ ဒါပေမဲ့ ပို့ကုန်လိုင်စင်မရှိတာ သေချာသလောက် ရှိတယ်။

စဉ်းစားရမယ့်အချက်က လိုင်စင်ရှိရင် မည်သည့်နည်းလမ်း (ကားလမ်း/ ရေလမ်း/ ရထားလမ်း စသည်ဖြင့်) နဲ့သယ်ယူပို့ဆောင်မယ်ဆိုတာ လိုင်စင်လျှောက်ကတည်းက တခါတည်းဖော်ပြရတဲ့အတွက် အခုလို မီးရထားလမ်းကသယ်ယူမယ်ဆိုတာ QR code မှာ ပါပြီးဖြစ်ရပါမယ်။ သယ်ယူတဲ့ လမ်းတလျှောက်မှာ ကုန်စည်စစ်ဆေးရေးဂိတ် (check point) တွေ သတ်မှတ်ထားပြီး၊ အဲ့ဒီ စစ်ဆေးရေး ဂိတ်ကို မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

စီးပွား/ကူးသန်းမှာ ကားလမ်းနဲ့သယ်ယူဖို့ ပို့ကုန်လိုင်စင် လျှောက်ထားခဲ့ပါက မန္တလေးက ပြောင်းဆန်ကို check point ဖြစ်တဲ့ စစ်တောင်းတံတားထိပ် မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် မန္တလေးကနေ မော်လမြိုင်ကို မီးရထားနဲ့ မသယ်ကြဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ မီးရထားနဲ့သယ်ဖို့ ပို့ကုန်လိုင်စင် QR code က စီးပွား/ ကူးသန်းမှာ မသတ်မှတ်ရ သေးလို့ပါ။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်းစဉ်းစားလိုက်ရင် အခု မီးရထားကုန်တွဲနဲ့သယ်ယူတဲ့ ပြောင်းဆန်တွေက မော်လမြိုင်အထိ ပို့ကုန်လိုင်စင် မရှိသေးတဲ့သဘော သက်ရောက်နေပါတယ်။

ကုန်သည်က အခြေအနေကြည့်ပြီး မော်လမြိုင်ရောက်မှ လိုင်စင်လျှောက်လိုတဲ့ဆန္ဒ ရှိကောင်းရှိနိုင်ပါ တယ်။ ဒါပေမဲ့ ပထမအကြိမ် ကုန်ရထားတွဲ ၅၀ နဲ့သယ်လာတဲ့ ပြောင်းဆန်တွေကတော့ လိုင်စင်မရှိဘဲ ထိုင်းဖက်သို့ ခိုးထုတ်သွားပြီးကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အချက်ကိုပါ ဌာနဆိုင်ရာဖက်ကအမြင်နဲ့ ထည့် သွင်းစဉ်းစားပါက အခုဖမ်းမိတဲ့ ပြောင်းဆန်တွေအားလုံး ပထမအကြိမ်ကဲ့သို့ပင် ထိုင်းဖက်သို့ ခိုးထုတ်မယ့် ရည်ရွယ်ချက်ရှိတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

◾မူဝါဒကြောင့် မှောင်ခိုလုပ်ရခြင်း

ကုန်သည်ကတော့ အခွင့်သာရင်သာသလို နည်းလမ်းရှာကြံပြီး၊ သယ်ကြ၊ ပို့ကြမှာပဲလေ။ ဘာကြောင့်လဲ ဆိုတော့ နစက ရဲ့ ဗဟိုဘဏ် အမိန့်ကြောင့်လေ။ ပို့ကုန်တင်ပို့သူတွေက ပို့ကုန်ရငွေ (export earnings) ရဲ့ ၅၀% ကို ၂၁၀၀ ကျပ်နှုန်းနဲ့ ဗဟိုဘဏ်မှာ လဲလှယ်အပ်နှံရမှာလေ၊ ပို့ကုန်ရငွေရဲ့ ကျန် ၅၀% ကို ပို့ကုန် တင်ပို့သူ အိပ်စ်ပို့တာ (exporter) က စိတ်ကြိုက်ရောင်းဝယ်ခွင့်ရှိတယ်လို့ နစက ရဲ့ "နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ" (FESC) က သတ်မှတ်ထားတယ်။ ဒါကြောင့် အိပ်စ်ပို့တာတွေက ပို့ကုန်ရငွေ ၁၀၀% မရတော့၊ ၁၀၀% ရအောင် ရတဲ့ထွက်ပေါက်ကို အကျိုးရှိအောင် ရှာကြံလုပ်ကြတာပေါ့။ ပြည်တွင်းမှာ ဒေါ်လာ - ကျပ် လဲလှယ်နှုန်း ကွာဟချက်က ကြီးမားတာကို။

◾တင်ပို့သူနဲ့ တင်သွင်းသူ လှုပ်ရှားနိုင်မှု အခွင့်အရေး နှိုင်းယှဉ်ခြင်း

တင်ပို့သူနဲ့ တင်သွင်းသူဆိုရင် အခွင့်အရေးက မတူညီဘူးလေ။ မရှိမဖြစ်ကုန်စည်စာရင်းဝင် ဆီနှစ်ဆီ (စက်သုံးဆီနဲ့စားသုံးဆီ) က ပထမဦးစားပေးဖြစ်ပြီး၊ အဲဒီ ဆီနှစ်ဆီ တင်သွင်းသူ (Importer) တွေကို FESC ကော်မတီကနေ တဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းနဲ့ ၅၀% ရောင်းပေးပြီး၊ ကျန် ၅၀% ကို ၂၉၂၀ ကျပ်နဲ့ ထပ် ရောင်းပေးတယ်။ ပြည်တွင်းမှာ မဖူလုံတဲ့ ဓာတ်မြေ ဩဇာ တင်သွင်းသူတွေ ဆိုရင်လည်း ပြည်တွင်းမှာ ဓာတ်မြေဩဇာ ဈေးမတက်အောင် FESC ကော်မတီက အလာတူ နှုန်းထားနဲ့ ရာခိုင်နှုန်း အချိုးတစ်မျိုး သတ်မှတ်ပြီး ဒေါ်လာ ရောင်းပေးတယ်။

ပို့ကုန်သမားကျတော့ ကိုယ်တိုင်ကြိုးစားပြီး ပြည်ပကဝယ်သူ (buyer) ရှာရတယ်၊ ပြီးရင် ပို့ကုန်ရငွေ၏ ၅၀% ကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ပြန်အပ်ရတယ်။ ပို့ကုန်ရငွေ ၁၀၀% အပြည့်ကို လက်ရှိ ပြင်ပ ပေါက်ဈေးနဲ့ ကျပ်ငွေ ပြန်မရဘူး။

ပို့ကုန်သမားကစားနိုင်တာက FOB price ကို ဈေးလျှော့ပြကာ အရောင်းစာချုပ်ပြပြီး စီးပွား/ ကူးသန်းမှာ လိုင်စင်လျှောက်တဲ့နည်းနဲ့ ကစားနိုင်တယ်။ ဒါကလည်း အများကြီး ဈေးလျှော့ပြလို့ မရဘူး၊ အင်တာနက် မှာ နိုင်ငံတကာ ပေါက်ဈေးရှိပြီးသားပါ။

နောက်တနည်းက ပို့ကုန်လိုင်စင်လျှောက်ရာမှာ အမှန်ပို့မယ့်တန်ချိန်ထက်လျှော့ပြီး ပို့ကုန်လိုင်စင် လျှောက်ထားတဲ့နည်းဖြစ်ပါတယ်။ ဥပမာ ပြောင်း တန်ချိန် ၁,၀၀၀ အမှန်ပို့သော်လည်း၊ ပို့ကုန်လိုင်စင်မှာ တန်ချိန် ၆၀၀ သာ လျှောက်ထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီနည်းက ဗဟိုဘဏ်သို့ ၅၀% ကို ပြန်အပ်ရာမှာ တန်ချိန် ၆၀၀ ရဲ့ ရောင်းရငွေ ဒေါ်လာ ၅၀% သာ ၂၁၀၀ ကျပ်နှုန်းနဲ့ ပြန်လဲလှယ်ရလို့ တန်ချိန် ၄၀၀ ဖိုး ခိုးထုတ်ခဲ့တဲ့ ဒေါ်လာ ပမာဏ အမြတ်ထွက်ပါတယ်။

သွင်းကုန်သမားတွေထဲမှာ မရှိမဖြစ်ကုန်စည်နှစ်မျိုးဖြစ်တဲ့ ဆီနှစ်ဆီက အခွင့်အရေးပိုရတယ်။ သူက FESC က ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ ရောင်းပေးတယ်၊ နောက် လိုင်စင်လျှောက်တဲ့အခါ၊ FESC ကို Sale Invoice တင်ပြတဲ့အခါ ဈေးက ပေါက်ဈေးဖြစ်နိုင်ပေမဲ့၊ ဆီနှစ်ဆီကို ပြည်ပကနေ ဆိပ်ကမ်းရောက်ဖို့ အချိန် အနည်းဆုံး နှစ်ပတ်ကနေသုံးပတ်အထိ ကြာနိုင်တယ်။ အဲဒီဆီ ရောက်လာပြီး ဖြန့်ဖြူတဲ့အခါ ဈေးကွက် ပေါက်ဈေးအတိုင်းပြန်ရောင်းချတော့ FESC နဲ့ သွင်းကုန်လိုင်စင်လျှောက်တဲ့အချိန်မှာ တင်ပြတဲ့ ဈေးနှုန်း ထက်ပိုများတာလည်းဖြစ်နိုင်သလို၊ ပိုနည်း (ဈေးလျော့) သွားတာလည်း ဖြစ်နိုင်ပါတယ်။

(စက်သုံးဆီဆိုရင် ပြည်တွင်းလက်လီရောင်းချဖို့ သတ်မှတ်နှုန်းထားကို တနင်္လာနေ့မှ သောကြာနေ့အထိ စင်ကာပူရဲ့ MOPS price နေ့စဉ်ဈေးနှုန်းနဲ့ တွက်ချက်ပြီးမှ လက်လီဈေးနှုန်းကို အစိုးရရဲ့ လက်အောက်ခံ အဖွဲ့တွေက သတ်မှတ်ပါတယ်။ သတင်းစာမှာ နေစဉ်ပါပါတယ်။ စင်ကာပူရဲ့ MOPS price က ညနေပိုင်းမှ အသစ်ထွက်ပါတယ်။ ဒါကြောင့် တနင်္လာနေ့ညနေထွက်တဲ့ စင်ကာပူရဲ့ MOPS price ကို တွက်ချက်ပြီး၊ မြန်မာနိုင်ငံမှာ နောက်တနေ့ အင်္ဂါနေ့နံနက်ပိုင်းမှာ တနေ့လုံး အသက်ဝင်ပါတယ်။ ဒီသဘောတရား ကြောင့် သောကြာနေ့မှာထွက်တဲ့ စင်ကာပူရဲ့ MOPS price ဟာ ပြည်တွင်းမှာ နောက်တနေ့ စနေနေ့မှ စပြီး၊ တနေ့ကုန် အသက်ဝင်ပါတယ်။ စင်ကာပူ MOPS price က စနေ့နဲ့ တနင်္ဂနွေမှာ အသစ်မထွက်ပါဘူး။ ဒါကြောင့် သောကြာနေ့ညနေထွက်တဲ့ စင်ကာပူရဲ့ MOPS price က ပြည်တွင်းမှာ စနေ၊ တနင်္ဂနွေနဲ့ တနင်္လာနေ့ အထိ ဈေးနှုန်း မပြောင်းလဲဘဲ သက်ရောက်နေမှာ ဖြစ်ပါတယ်။)

စက်သုံးဆီဆိုရင် စင်ကာပူရဲ့ MOPS price (တနင်္လာမှ သောကြာနေ့အထိ) နေ့စဉ်ဈေးနှုန်းနဲ့ တွက်ချက် ပြီး လက်လီစက်သုံးဆီဆိုင်တွေမှာ ပြန်ရောင်းရတယ်။ ဒါက မရှိမဖြစ် ကုန်စည် ဆီနှစ်ဆီ၊ ဓာတ်မြေဩဇာ တင်သွင်းသူနဲ့ တင်ပို့သူ အကြား လှုပ်ရှားနိုင်မှု အခွင့်အရေး နှိုင်းယှဉ်ပြခြင်း ဖြစ်ပါတယ်။

◾ပြစ်မှု နဲ့ ပြစ်ဒဏ်

အခုကိစ္စနဲ့ပတ်သတ်ပြီး ပိုင်ရှင်တွေကကုမ္ပဏီကိုဒဏ်ရိုက်ပြီး ပြောင်းဆန်ကိုပြန်ပေး၊ ကုမ္ပဏီကို သတိပေး‌ တဲ့ အပြစ်ကို ခံယူလိုကြတယ်။ ပြောင်းဆန်သယ်တဲ့ ကုန်သည်တွေက မန္တလေးကနေ မော်လမြိုင်ကို နေရာရွှေ့သယ်တာ၊ ပြီးမှ ပို့ကုန်လိုင်စင် လျှောက်ပြီး မော်လမြိုင်ကနေ ပို့ကုန်လိုင်စင် QR code နဲ့ မြဝတီ နယ်စပ်ဂိတ်ကနေ ထိုင်းဘက်ကို ပို့မှာ။ ပြည်တွင်းမှာ ပြောင်းဆန်ကို လွတ်လပ်စွာသယ်ယူခွင့်ရှိတယ် ဆို တဲ့ အချက်နဲ့ ခုခံ ချေပကြတယ်။

တချို့ပြောင်းဆန်တွေက လိုင်စင်ရှိတယ်လို့လည်း ပြောကြတယ်။ တချို့ကလည်း အားလုံး ပို့ကုန်လိုင်စင် မရှိဘူးလို့လည်း ပြောကြတယ်။ သေချာတာကတော့ မီးရထားနဲ့ သယ်ယူလာကတည်းက ပို့ကုန်လိုင်စင် QR code မရှိတာသေချာပါတယ်။ ပို့ကုန်လိုင်စင် QR code က ကားလမ်း နဲ့ ရေလမ်းပဲ သတ်မှတ်ထား တော့ လိုင်စင်ရှိတဲ့ပြောင်းဆန်က မရမ်းချောင်စစ်ဆေးရေးဂိတ်ကို မဖြတ်ဘဲ မော်လမြိုင်ကို ရောက်လာဖို့ ကို မဖြစ်နိုင်ပါ။

တချို့က တစ်ဝက်က လိုင်စင်ရှိပြီး၊ တစ်ဝက်က လိုင်စင် မရှိဘူးလို့လည်း အမျိုးမျိုး ပြောသံကြားရတယ်။ လိုင်စင်က မော်လမြိုင်ရောက်မှလျှောက်လည်းရတယ်လို့ ခုခံချေပကြတယ်လို့ ကြားရတယ်။

ဖော်ထုတ်ရရှိတဲ့ အချက်တွေအရ အဓိက တာဝန်ရှိသူတွေကလည်း ယခင်ကလည်း ကုန်ရထားတွဲ ၅၀ ခန့် ပမာဏရှိတဲ့ ပြောင်းဆန်တွေက  ထိုင်းဖက်ကို ဘာလိုင်စင်မှ လျှောက်ထားခြင်းမရှိဘဲ ခိုးထွက်သွားပြီးပြီ။ အခုဖမ်းမိတဲ့ပြောင်းတွေကလည်း ခိုးထွက်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့အချက်နဲ့ ကုန်သည်တွေ တင်ပြ ချက်ကိုလက်မခံဘူး။ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ကုန်သည်တွေကိုအရေးယူခဲ့ကြတယ်။ အခုတော့ ကုမ္ပဏီ ကတာဝန်ရှိသူကို တရားစွဲ ထောင်ချ၊ ပြောင်းဆန်တွေကို နိုင်ငံတော်ပိုင်သိမ်းဆည်းပြီး လေလံပစ် လိုက် တယ်။

ကုန်သည်တွေကတော့ အခွင့်အရေး ရရင် ရသလို၊ အားနည်းချက်ကို ရှာကြံလုပ်မှာပဲလေ။

◾ခိုးထုတ်သွားတဲ့ ပြောင်းပမာဏ

မကြာသေးမီက မြဝတီကနေ ထိုင်းဖက်ကို တရားမဝင်ပို့ပြီးတဲ့ ပြောင်းဆန် ကုန်ရထားတွဲ ၅၁ ခန့် ပမာဏ ရှိတယ်။ အဲဒီ ပြောင်းတွေက လွတ်သွားပြီးပြီ၊ တရားဝင်ကုန်သွယ်မှုစာရင်းမရှိဘဲပို့လိုက်တာ ဆိုတော့ နိုင်ငံတော်က ပို့ကုန်ရငွေ ဒေါ်လာ ၅၀% ပြန်မရတော့ဖူးပေါ့။ ကုန်သည်က ခိုးထုတ်သွား‌တာလေ။ အဲ့ဒီ လွတ်သွားတဲ့ ပြောင်းဆန်တွေကို စာရင်းအရ သိမ်းဆည်းဖို့အတွက် မြန်မာ့မီးရထားကနေ ကုန်ရထားတွဲ ငှားရမ်းပြီး၊ သယ်ပို့ကန်ထရိုက်ရတဲ့ logistics ကုမ္ပဏီ ကို ပြန်ဖမ်း၊ ကုန်အပ်သူတွေကို ပြန်ဖမ်း ခေါ်စစ်ပြီး၊ တရားမဝင် တင်ပို့တဲ့အတွက်  ပို့ကုန်ရငွေကို သိမ်းဆည်းမှုတွေ လုပ်သင့်ပါတယ်။

အားလုံးပေါင်းလိုက်ရင် ပြောင်းဆန်ကုန်စည်တွေက အခုဖမ်းမိတာ ကုန်တွဲ ၅၁ နဲ့ ကျိုက်မရော ဆိပ်ကမ်း မှာ ၃၇ တွဲခန့်၊ စုစုပေါင်းကုန်ရထားတွဲ ၈၈ တွဲခန့်နဲ့ ယခင် ထိုင်းဖက်ကိုပို့ပြီး လွတ်သွားတဲ့ ကုန်တွဲက ၅၁ တွဲခန့်ဆိုတော့ ဒီဖြစ်ရပ်မှာ စုစုပေါင်း ပြောင်းဆန်ကုန်ရထားတွဲ ၁၃၉ တွဲ ခန့် ရှိတယ်။ ဒါက ကုန်သည် တွေထံက ကြားသိရတဲ့ ပမာဏ ဖြစ်ပါတယ်။

ပြောင်းဆန်တအိပ်မှာ ကီလို ၅၀ ပါတယ်၊ ရထားတွဲတတွဲကို အိတ် ၆၅၀ နဲ့ ၆၆၀ ကြားသိရ ပါတယ်။ ကုန်ရထားတွဲတတွဲမှာ ပြောင်းဆန် တန် ၃၀ ခန့် ပျှမ်းမျှ ပါဝင်ပါတယ်။

ပြောင်းဆန် ရောင်းရငွေ တတန် ဒေါ်လာ ၄၀၀ ဆိုပါက ဒေါ်လာ ဘယ်လောက် ရမယ်၊ ပို့ကုန်ရငွေရဲ့  ၅၀% ဖြစ်တဲ့ ဒေါ်လာဘယ်လောက်ကို ၂၁၀၀ ကျပ်နဲ့လဲလှယ်ရမယ်။ ဘယ်လောက်ကျန်မယ်။ တန်ချိန် အားလုံး ကို မှောင်ခိုး ခိုးထုတ်ခဲ့ပါက ပြင်ပက လက်ရှိဒေါ်လာပေါက်ဈေးနဲ့တွက်ပါက ဘယ်လောက်ရမလဲ ဆိုတာ တွက်ချက်ကြည့်ပါက မြင်နိုင်ပါတယ်။

ယခု ဖမ်းဆီးရမိ ပြောင်းဆန် ကုန်ရထားတွဲ (၅၁ + ၃၇ =) ၈၈ တွဲ * ၃၀ တန်ချိန် = ၂၆၄၀ တန် * ၄၀၀ ဒေါ်လာ = ဒေါ်လာ ၁,၀၅၆,၀၀၀ ရပါမယ်။

ယခင် ခိုးထုတ် ၅၁ တွဲ * ၃၀ တန် = ၁၅၃၀ တန် * ၄၀၀ ဒေါ်လာ = ဒေါ်လာ ၆၁၂,၀၀၀ ရပါမယ်။

(ကုန်ရထားတွဲတတွဲမှာ ပြောင်းဆန် အိတ် ၆၅၀/ ၆၆၀ သယ်ယူနိုင်သဖြင့် တန်ချိန် အပြောင်းအလဲ ရှိနိုင် ပါတယ်။)

◾ဆီ ၂ ဆီ တင်သွင်းခြင်း နဲ့ ပြောင်း တင်ပို့သော ကုမ္ပဏီများ

အချို့သောကုမ္ပဏီတွေက ပြောင်းဆန်တင်ပို့ခြင်းနဲ့ ဆီနှစ်ဆီတင်သွင်းတဲ့လုပ်ငန်းကို အတူတွဲလုပ်တဲ့ ကုမ္ပဏီတွေရှိ‌ပါတယ်။ ဆီတင်သွင်းတဲ့အသင်းမှာလည်း အသင်းဝင်ပြီးသား ပုဂ္ဂိုလ်တွေ/ ကုမ္ပဏီတွေက ယခု ပြောင်းဆန်လည်း တင်ပို့ကြတယ်။ သဘောကတော့ ကုမ္ပဏီတခုက ပြောင်းဆန်တင်ပို့သလို၊ ဆီနှစ် ဆီလည်းတင်သွင်းတဲ့လုပ်ငန်း လုပ်ကြတယ်။ နာမည်ကြီး လက်ကြီးသမားတွေ၊ အပေါ်အထိ ပေါက်တဲ့သူ တွေရှိတယ်။ အဲဒီလူတွေက သူတို့လည်းထောင်ကျမဲ့ အတူတူမထူးဘူးဆိုပြီး FESC က ဆီနှစ်ဆီနဲ့ သွင်း ကုန်တွေအပေါ် ဒေါ်လာရောင်းပေးတဲ့  “အဟ” ကိစ္စတွေကိုဖော်ကြတာလို့ ကုန်သည်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်။ ဒေါ်လာကို FESC က ရောင်းပေးတဲ့ဈေးနှုန်းနဲ့ ပြင်ပ ပေါက်ဈေးနှုန်းက ကွာဟချက် ကြီးမားတယ်လေ။ ဒါကြောင့် သူချ၊ ကိုယ်ချဘဲ။ ဒေါ်‌လာရောင်းပေးတဲ့ မသမာမှုတွေဖော်ပစ်တာလို့ ကုန်သည် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက ကြားသိရပါတယ်။

◾ကုန်ရထားတွဲ ငှားရမ်းခြင်း

“ခင်ဗျား စဉ်းစားကြည့်လေ အခုမိတဲ့ ကုန်ရထားတွဲ ၅၀ ကို ငှားရမ်းပြီး သယ်ယူဖို့အတွက် မြန်မာ့မီးရထား ကိုတောင်းနိုင်တဲ့သူဆိုတာ အပေါ်ကို တော်တော်ပိုင်လို့ တွဲ ၅၀ တောင်းလို့ရတာ ဖြစ်တယ်။ မပိုင်ရင် တွဲ ၅၀ မပြောနဲ့ တွဲ ၂၀ တောင် တော်တော်တောင်းယူရမှာ။ ညွှန်ချုပ်အဆင့်လောက်က ကုန်ရထားတွဲ သုံးတွဲ/ ငါးတွဲလောက်ပဲရမှာ။ အပေါ်ပိုင်မှ ကုန်ရထားတွဲ ၅၀ ငှားလို့ရမှာလေ” လို့ ကုန်သည် တဦးကဆိုပါတယ်။ ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့မီးရထားက ကုန်ရထားတွဲငှားရမ်းနိုင်ရင် ငှားခ ဝင်ငွေရမယ်ဆိုတော့ မီးရထားဌာနကငှားတာပေါ့။

◾ပြဿနာ ၂ မျိုး

စီးပွား/ ကူးသန်းနဲ့ အခုအဖမ်းခံရတဲ့ ပြောင်းဆန်ပိုင်ရှင်တွေလည်း ပြဿနာဖြစ်တယ်။ စီးပွား/ ကူးသန်း ဝန်ကြီးဌာနနဲ့ ရထားတွဲခွင့်ပြုပေးတဲ့ ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ကလည်း ပြဿနာ ဖြစ်ကြ တယ်။ အဲဒီလို ပဋိပက္ခနှစ်ခုဖြစ်ကြတာလို့ ကုန်သည်အချို့ထံက ကြားသိရပါတယ်။

◾စီးပွား/ ကူးသန်း

စီးပွား/ ကူးသန်းက ဒိုင်ခံရန်ဖြစ်တာပေါ့။ စီးပွား/ ကူးသန်းက သူတို့မှာ မီးရထားသယ်ယူပို့ဆောင်မှု ပို့ကုန်လိုင်စင် QR Code မရှိတာကို ဖုံးဖိချင်တာရယ်၊ ယခင် ပထမအကြိမ် မီးရထားတွဲနဲ့ သယ်လာပြီး ထိုင်းဖက်ကို ခိုးထုတ်သွားတဲ့ကိစ္စကျတော့ သူတို့မသိလိုက်ဘူး။ ဒီဟာက ဘာကိုပြသလဲဆိုရင် တရားမဝင် ကုန်စည် တားဆီးနှိမ်နှင်းရေးအဖွဲ့ကို (focal ministry) အနေနဲ့ ဦးဆောင်လုပ်တာက စီးပွား/ ကူးသန်း ဝန်ကြီး ဌာနလေ။ အဲဒီမှာ သူတို့ဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှု အားနည်းချက်ကို ဖော်ပြ သလို ဖြစ်နေတာပေါ့။ ဒီ အားနည်းချက်တွေကိုဖုံးဖိချင်တဲ့အတွက် စီးပွား/ ကူးသန်းက အခုလို ပြောင်းဆန်တွေ အားလုံး နိုင်ငံတော်ပိုင် အဖြစ်သိမ်း၊ ကုမ္ပဏီက တာဝန်ရှိသူတွေကို ပို့ကုန်/ သွင်းကုန် ဥပဒေ နဲ့ အရေးယူတာပါ။ နေပြည်တော်မှာ ဇူလိုင်လကုန်၊ ဩဂုတ်လ လူစည်ကားနေတာပဲ၊ တချို့က ခြေချုပ် နဲ့ တချို့က ရဲစခန်း အချုပ်ထဲမှာ။

သူတို့မသိဘဲ ပြောင်းဆန်သယ်ယူဖို့ မီးရထားတွဲ ၅၀ ခွင့်ပြုပေးတဲ့ ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီး ဌာနကိုလည်း အပြစ်ပုံချတာပေါ့။

◾ ပထမ အကြိမ် စစ်ဆေးခြင်း

မြန်မာ့ မီးရထားက တာဝန်ရှိသူလည်း စစ်၊ ပို့ဆောင်ရေးဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူလည်း စစ်၊  စီးပွား/ ကူးသန်းဝန်ကြီးဌာနက တာဝန်ရှိသူလည်း အစစ်ခံရပါတယ်။ ပို့ဆောင်ရေးဆက်သွယ်ရေး ဝန်ကြီးက ဒုဝန်ကြီးချုပ် အဆင့်လေ၊ စီးပွား/ ကူးသန်းက ဝန်ကြီး အဆင့်ဘဲ ရှိတာ ဝိတ်တန်း မတူဘူးလို့ ကုန်သည်အချို့က ပြောသံကြားရတယ်။ ဒါပေမဲ့ စီးပွား/ ကူးသန်းဝန်ကြီးဌာနကျတော့ တရားမဝင် ကုန်စည် တားဆီးနှိမ်းနှင်းရေး ဗဟိုကော်မတီမှာ တာဝန်ယူထားရတဲ့ ဝန်ကြီးဌာန (focal ministry) လေ။

ဒီ ပြောင်းဆန်ပြဿနာဖြစ်တာက ဇူလိုင်လထဲမှာ ဖြစ်တယ်။ နောက် ကုန်သည်တွေ ဖမ်းခေါ်စစ်၊ ခြေချုပ်နဲ့ ထား၊ တရားစွဲ၊ အရေးယူတယ်။ အခု ဖမ်းဆီးခံထားရတဲ့ ပြောင်းဆန်ကုမ္ပဏီတွေထဲမှာ စားသုံးဆီ အသင်း ဝင်တွေလည်းပါပြီး စားသုံးဆီကို ပြည်ပကနေ တင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေလည်း ပါတယ်လို့ ကုန်သည် အချို့ထံက ကြားသိရပါတယ်။

ဒီနေရာမှာ သွင်းကုန် ဆီနှစ်ဆီသမားတွေက FESC က ရောင်းပေးတဲ့ ဒေါ်လာဈေးနှုန်းနဲ့ ပြင်ပဈေး ကွာဟချက် ကြီးမားတဲ့ (မသမာမှု/ ဝိသမလောဘတက်မှု) သဲလွန်စလည်း ထွက်‌နိုင်တယ်လို့ ကုန်သည် အချို့ထံက ပြောဆိုသံကြားရပါတယ်။

◾ဩဂုတ် ၁ ရက်နေ့ အစိုးရအဖွဲ့ ပြင်ဆင် ဖွဲ့စည်း

ဩဂုတ် ၁ ရက်နေ့မှာ နစက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အခါမှာ ပို့ဆောင်ရေးဆက်သွယ်ရေး ဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးကို နေရာချိန်းပြီး  ပြင်ဆင်ဖွဲ့စည်းလိုက်တာ ဒီပြောင်းဆန်/ ကုန်ရထားတွဲ ကိစ္စကြောင့်လား၊ တိုက်ဆိုင်မှုလား၊ သဘောရိုးလား မသိနိုင်ဘူးလို့ ကုန်သည်အသိုင်းအဝိုင်းထံက ကြား ရပါတယ်။ အဲ့ဒီ ဝန်ကြီးနှစ်ဦးလုံးကတော့ ယခင်ကတည်းက ဒုဝန်ကြီးချုပ်အဆင့်တွေပါ။ လူပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန အပြန်အလှန် နေရာပြောင်းလဲ တာဝန်ပေးလိုက်တာလို့ လေ့လာသူ အချို့က ပြောကြတယ်။ မီးရထားတွဲငှားတဲ့ဌာနက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလေ။ အဲ့ဒီ အချိန်အထိ စီးပွား/ ကူးသန်း ဝန်ကြီးဌာန မှာ အပြောင်းအလဲ မရှိသေးဘူး။

◾ကံကြမ္မာ အလှည့်အပြောင်း

ဩဂုတ်လတလလုံး ကုန်ဈေးနှုန်း၊ ဒေါ်လာဈေး၊ ရွှေဈေး တဖြေးဖြေး တက်လာတယ်။ နောက် ဩဂုတ် လကုန် စက်တင်ဘာလဆန်းပိုင်းမှာ စားသုံးဆီ တန်းစီရတဲ့ပြဿနာ၊ ဒေါ်လာဈေးနဲ့ ရွှေဈေး ထပ်မံမြင့် တက်လာတဲ့ပြဿနာတွေ လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်လောင်လောင် အသံထွက်ပေါ်လာခဲ့ တယ်။ စားသုံးဆီ တင်သွင်းရောင်းချသူတွေကို စစ်တော့တာပဲ။ ဈေးကွက်ထဲမှာ စားအုန်းဆီကို ဓာတုပစ္စည်းနဲ့ရောစပ်ပြီး ပဲဆီအဖြစ် မသမာလုပ်ပြီး ရောင်းချတဲ့သူတွေကိုလည်း ရှာဖွေ ဖမ်းဆီးခဲ့ကြ တယ်။

FESC က ဆီနှစ်ဆီ တင်သွင်းသူတွေကို ဒေါ်လာတွေ ရောင်းပေးတယ်။ ဆီနှစ်ဆီ တင်သွင်းသူတွေက ရတဲ့ ဒေါ်လာအချို့ကို ပြင်ပမှာ ဟွန်ဒီ (အဝေးလွှဲ) နဲ့ ရောင်းတာရှိနိုင်သလို၊ ဒေါ်လာဈေးကစားတာလည်း ရှိနိုင်တယ်။ စားအုန်းဆီကို ဓာတုပစ္စည်းထည့်ပြီး ပဲဆီအဖြစ် ဈေးတင်ရောင်းတော့ ပြည်တွင်းမှာ အခြေခံ စားအုန်းဆီ မလုံလောက်တဲ့ ပြဿနာဖြစ်၊ ဈေးတွေတက်လာပြီး ပြဿနာတွေ ကျယ်ကျယ်လောင်လောင် ဖြစ်တော့တာပဲ။

FESC က ပြည်တွင်းသုံးအတွက် စက်သုံးဆီ တင်သွင်းဖို့လည်း ဒေါ်လာ ရောင်းပေးရတယ်လေ။ ဒီ ဆီနှစ်ဆီ (စက်သုံးဆီနဲ့စားသုံးဆီ) အတွက် ဗဟိုဘဏ်ကနေ FESC အမိန့်နဲ့ ဗဟိုဘဏ် ရည်ညွှန်းဈေးနှုန်းနဲ့ ဒေါ်လာ ရောင်းပေးတာ အများဆုံးပဲ။ ဒီမှာ ဒေါ်လာ မသမာမှုတွေကို အချင်းချင်း ဖေါ်ထုတ်ပြောဆိုလာကြတယ်လို့ ယူဆရပါတယ်။ ပြောင်းဆန်ကုန်သည်တွေကလည်း စားသုံးဆီတင်သွင်းတဲ့လုပ်ငန်းလုပ်တော့ ဖေါ်တယ်၊ စားသုံးဆီသမားက ထပ်ဖေါ်တော့ စက်သုံးဆီ သမားတွေရောပါလာတယ်။ အခု ထပ်ဖေါ်တယ်။ ဒါကြောင့် ဒီ စုံစမ်းစစ်ဆေးမှုကြီးစဖြစ်တာထင်တယ်လို့ ကုန်သည် အချို့ထံက ကြားရတယ်။

◾”အဟ” ကွာခြားချက်

FESC က သတ်မှတ်ထားတဲ့ သွင်းကုန်တွေကို ဗဟိုဘဏ် ရည်ညွှန်းဈေး ၂၁၀၀ ကျပ်၊ ၂၉၂၀ ကျပ် နဲ့ သတ် မှတ်ရာခိုင်နှုန်းအလိုက် ရောင်းပေးတယ်။ ပြင်ပပေါက်ဈေးကအတော်များတော့ “အဟ” ကွာခြားချက် များပါတယ်။ ဒီ “အဟ” က ဒီခေတ်၊ ဒီကာလမှာ စီးပွားရေးသမားတွေ မျက်စိကျတဲ့အချက်ဖြစ်ပါတယ်။ ဗဟိုဘဏ်နှုန်းထားနဲ့ ဒေါ်လာ ဝယ်ပြီး၊ ပြင်ပပေါက်ဈေးနဲ့ ပြန်ရောင်းပါက အရင်းမပျောက် အမြတ် ရရှိပါ မယ်။

◾စစစ ညွှန်ချုပ် အပြောင်းအရွှေ့

၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ယခင် စစစ ညွှန်ချုပ်ကို လူကယ်ပြန် ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့ပြီး၊ စရဖက ဗိုလ်မှူးချုပ် တယောက်ကို စစစ ညွှန်ချုပ် အဖြစ် အစားထိုး ခန့်အပ်လိုက်ပါတယ်။

◾ စုံစမ်းမှု စတင်ခြင်း

ဒီလို အပြောင်းအရွှေ့က အခု စုံစမ်းစစ်ဆေးမှုစတင်ဖို့ ကနဦးလှုပ်ရှားမှုပါဘဲ။ အဲဒီအချိန်မှာ အခု ထိန်း သိမ်းခံထားရတဲ့ လက်ကြီးသမားကုန်သည်တွေက သတင်းရလို့ ပြည်ပကို ထွက်ပြေးကြပြီ။  ဒီလူတွေ ဘယ်လိုကြောင့် သတင်းရသလဲ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့ ပြည်ပထွက်ခွာတဲ့ နေ့ရက်ကို ပတ်စ်ပိုစ့်စာအုပ်မှာ ယူကြည့်ရင် သိနိုင်တယ်။ စရဖကလည်း ပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းဆည်းမယ် ဆို တော့ အမြန်ပြန်လာ အစစ်ခံရတာပေါ့။

အဲ့ဒီနောက်ပိုင်းမှ အခုစစ်နေတဲ့ မသမာမှု၊ ဝိသမလောဘသား၊ အဂတိလိုက်စားမှု၊ စစ်ဆင်ရေးကြီး စတော့ တာပါပဲ။ အခု ကိစ္စက စရဖနဲ့ စစစပေါင်းပြီးစစ်တာပါလို့ အစစ်ခံရတဲ့ ကုန်သည်တွေနဲ့ နီးစပ်သူ အသိုင်းအဝိုင်းကနေ ကြားသိရ ပါတယ်။

ဇူလိုင်လအတွင်း မော်လမြိုင်ဘူတာရုံမှာ ဖမ်းဆီရမိလိုက်တဲ့ ပြောင်းဆန်ကစလိုက်တဲ့ ဇာတ်လမ်းက စက်တင်ဘာလ ဆီနှစ်ဆီ စုံစမ်းမှုမှာ အဆုံးသတ်ပြီး မသမာမှုတွေ ထပ်မံစုံစမ်းသိရှိ ပေါ်ပေါက်လာတော့ တာပဲ ဖြစ်ပါတယ်။

ဂြိုလ်၊ နက္ခတ် အလှည့်အပြောင်းက နဝတနှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ဖြစ်တာကို တော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly