အစ္စရေး၌ ထိုင်းအလုပ်သမား ၂၀ ကျော် ‘အနီရောင်ဇုန်’တွင် သောင်တင်နေ

By Bangkok Post
18 October 2023
အစ္စရေး၌ ထိုင်းအလုပ်သမား ၂၀ ကျော် ‘အနီရောင်ဇုန်’တွင် သောင်တင်နေ
ထိုင်းအလုပ်သမား ၂၁၄ ဦးတို့သည် လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကိုင်ရန် အစ္စရေးနိုင်ငံသို့ မထွက်ခွာမီ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏဘူမိလေဆိပ်၌ စုဝေးခဲ့ကြစဉ်။ (ဓာတ်ပုံ - ThailandMOL Ministry of Labor Facebook စာမျက်နှာမှ)

အစ္စရေး၌ ထိုင်းအလုပ်သမား ၂၈ ဦးသည် ပဋိပက္ခ ဖြစ်နေသည့်ကြားမှ ၎င်းတို့၏ အလုပ်ရှင်များက အတင်းအကျပ် အလုပ်စေခိုင်းပြီး “အနီရောင်ဇုန်”သို့ အပို့ခံရသည်ဆိုကာ နိုင်ငံရင်းသို့ ပြန်လည်ခေါ်ယူရေးအတွက် အစိုးရကို တိုက်တွန်းလျက် ရှိနေသည်။

ဂါဇာကမ်းမြောင်မှ ၁၀ ကီလိုမီတာအကွာ ယာတက်မြို့ငယ်က ခရမ်းချဉ်သီးစိုက်ခင်းတွင် သူနှင့် အလုပ်သမား ၂၇ ဦးကို စွန့်ပစ်ထားခံရကြောင်း ဥဒုံဌာနီမှ အသက် ၃၁ နှစ်အရွယ် ပေါင်ဆာခွန်က ဗီဒီယိုကောလ် ခေါ်ဆိုမှုတရပ်၌ အတည်ပြုပြောဆိုသည်။

အစောပိုင်းက ၎င်းတို့၏ အစ္စရေးအလုပ်ရှင်များသည် ယာတက်မြို့မှ ကီလိုမီတာ ၂၀၀ အကွာ အစွန်အဖျားမြို့တမြို့သို့ သူတို့ကို အောက်တိုဘာ ၁၀ ရက်၌ ရွှေ့ပြောင်းပေးခဲ့သည်ဟု ၎င်းက ပြောသည်။ သို့ရာတွင် အောက်တိုဘာ ၁၅ ရက်၌ အလုပ်ရှင်များက ၎င်းတို့ကို စိုက်ခင်းသို့ ပြန်လည်ခေါ်ယူပြီး စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အနီဇုန်တွင် ရှိနေ၍ သူနှင့် ကျန်အလုပ်သမားများမှာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက် ရှိသည်ဟု ပေါင်ဆာခွန်က ဆိုသည်။

“ကျွန်တော်တို့ အိမ်ပြန်ချင်ပါတယ်၊ ကျွန်တော်တို့ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းဖို့ အစ္စရေးက တော်ဝင်ထိုင်းသံရုံးနဲ့ ဆက်သွယ်ချင်တယ်၊ ကျွန်တော်တို့ မသေချင်ဘူး”ဟု ၎င်းက မေတ္တာရပ်ခံသည်။

မိမိတို့အား ထိုင်းနိုင်ငံသို့ ပြန်ခွင့် ခွင့်ပြုရန် မေတ္တာရပ်ခံခြင်းကို အလုပ်ရှင်များက ငြင်းပယ်ထားကြောင်း စိုက်ခင်းမှာပင် လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်ရှိ အဘီက ပြောသည်။

၎င်းတို့ကို အခြားမြို့၌ ခိုလှုံရေးစခန်းတွင် ငါးရက်လောက်သာ ထားရှိပြီး ယာတက်သို့ ပို့ဆောင်ကာ အလုပ်ရှင်များက ချက်ချင်းထားရစ်ခဲ့ခြင်း ဖြစ်သည်ဟု အဘီက ပြောသည်။

“အလုပ်ရှင်တွေနဲ့ စကားပြောဆိုပြီး ကူညီပေးဖို့ ထိုင်းတာဝန်ရှိသူတွေကို ကျွန်တော်တို့ တိုက်တွန်းလိုတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

“ကျွန်တော်တို့ ၂၈ ယောက်စလုံးဟာ ပဋိပက္ခကြားမှ လုပ်ကိုင်နေရတာကြောင့် ဘယ်သူမဆို ထိခိုက်မှု ဖြစ်မှာ ကျွန်တော်တို့ အခုဆိုရင် စိုးရိမ်နေရတယ်”ဟု ၎င်းက ဆိုသည်။

ပဋိပက္ခနှင့် အနီးနားတွင် လုပ်ကိုင်နေရ၍ စိုးရိမ်ရခြင်းအပြင် အလုပ်သမားအားလုံးမှာ လျှပ်စစ်မီးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများပါ ရင်ဆိုင်နေရသည်။

၎င်းတို့ကို ပြန်လည်ခေါ်ယူရေးအတွက် ထိုင်းနိုင်ငံရှိ ၎င်းတို့၏ မိသားစုများက အစ္စရေးရှိ တော်ဝင်ထိုင်းသံရုံးနှင့် ဆက်သွယ်လျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly