ထားဝယ်မြို့ခံ အမျိုးသမီးကို ထောင်ဒဏ် ၄၄ နှစ် ချမှတ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
18 October 2023
ထားဝယ်မြို့ခံ အမျိုးသမီးကို ထောင်ဒဏ် ၄၄ နှစ် ချမှတ်
ဓာတ်ပုံ- ပုံဟောင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မြို့ခံအမျိုးသမီးတဦးကို စစ်ကောင်စီက ပုဒ်မ ငါးခုဖြင့် ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN) က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထားဝယ်မြို့ခံ မယဉ်ယဉ်ချိုကို စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင် တရားရုံးက ပြီးခဲ့သည့် ရက်ပိုင်းက ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“မယဉ်ယဉ်ချိုက အဝတ်ထည်ဆိုင် ရောင်းတဲ့ သူတဦးပါ၊ Guerilla Dawei ရဲဘော်တွေကို ဝင်ဖမ်းတုန်းက ဖမ်းခံလိုက်ရတာပါ၊ သူ့အိမ်မှာ လက်နက်တွေနဲ့ အတူ ဖမ်းခံရတယ်ဆိုပြီး အခုလို နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်”ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က မယဉ်ယဉ်ချိုကို ယခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ထားဝယ်မြို့၊ အနောက်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ယင်းနောက် ၎င်းအား နိုင်ငံရေးလှုပ်ရှားသူများကို မကြာခဏတရားစွဲဆိုလေ့ရှိသည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အပါအဝင် ပုဒ်မ ငါးခုဖြင့် ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မယဉ်ယဉ်ချိုနှင့်အတူ ဖမ်းဆီးခံလိုက်ရသည့် ၎င်း၏ မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းကိုလည်း အကြမ်းဖက် ပုဒ်မ သုံးခုဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့သည်။

လက်ရှိတွင် မယဉ်ယဉ်ချို၏ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း အဝတ်အထည် ဆိုင်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီး ၆၀ ဦးခန့် ရှိပြီး အများစုသည် ထောင်ဒဏ် ၁၅ နှစ်အောက် ချမှတ်ခံရသူများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၅,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄,၀၀၀ ကျော် သတ်ဖြတ်ခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။     ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly