ရခိုင်အမျိုးသမီး ၄ ဦး အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လူကုန်ကူးခံရ

By ရွှေနွယ် (မဇ္ဈိမ)
06 October 2023
ရခိုင်အမျိုးသမီး ၄ ဦး အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လူကုန်ကူးခံရ

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ရသေ့တောင်မြို့နှင့် မြောက်ဦးမြို့တို့မှ  အမျိုးသမီးလေးဦး လူကုန်ကူးခံရသည်ဟု ရခိုင်အမျိုးသားကွန်ရက် တာဝန်ရှိသူထံက သိရသည်။

“အမျိုးသမီးတဦးကိုတော့ ကယ်တင်ဖို့ ချိတ်ဆက်နေတယ် ။ အမြန်ဆုံးတော့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်”ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်က မဇ္ဈိမကိုပြောသည်။

လူကုန်ကူးခံရသူ အမျိုးသမီးလေးဦးအနက် သုံးဦးကိုကယ်ထုတ်ထားနိုင်သည်ဟု ဆိုသည်။

အီရတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် အမျိုးသမီးသုံးဦးမှာ အီရတ်နိုင်ငံရှိ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) အကူအညီဖြင့် အီရတ်အစိုးရ တာဝန်ရှိသူများ၏ လုံခြုံသည့်နေရာတွင် ရောက်ရှိနေပြီး ဆော်ဒီအာရေဗျသို့ လူကုန်ကူးခံရသူ အမျိုးသမီးကို ကယ်တင်နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

၂၀၂၃ခုနှစ် ဧပြီလတွင် အမျိုးသမီး သုံးဦးနှင့် မေလ အတွင်းတွင် အမျိုးသမီး တဦးတို့အား ဒူဘိုင်းနိုင်ငံရှိ အလှပြင်ဆိုင်တခုတွင် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ရန်ကုန်မှတဆင့် ဒူဘိုင်းသို့ မပန်ပန်(ခ) မခိုင်စန္ဒာနှင့် မနန္ဒာဆိုသူတို့၏ ဆောင်ရွက်ပေးမှုဖြင့် တဖက်နိုင်ငံသို့ ပို့ဆောင်ခြင်းခံရခြင်းဖြစ်သည်ဟု ဆိုသည််။

ဒူဘိုင်းသို့ ရောက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် အမျိုးသမီးငယ် လေးဦးအနက် မမြတ်အေးစံ (ခ) ဝေဝေ၊ မသန့်ဇင်ဌေးနှင့် မဟန်နီထွန်းတို့သုံးဦးအား ဒူဘိုင်းမှတဆင့် အီရတ်နိုင်ငံသို့ ပွဲစား မပန်ပန်(ခ) မခိုင်စန္ဒာဆိုသူက ထပ်မံ၍ ကိုယ်တိုင်လိုက်လံပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျန်အမျိုးသမီး တဦးဖြစ်သည့် မဝင်းဝင်းလှိုင်ကိုမူ ဒူဘိုင်းသို့ရောက်ရှိပြီး နှစ်လခန့်အကြာတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ထပ်မံပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

"မပန်ပန်နဲ့ မနန္ဒာတို့နှစ်ဦးကိုတော့ ဖမ်းဆီးထားနိုင်ပြီး မင်္ဂလာဒုံတရားရုံးမှာ ရုံးထုတ်နေပါပြီ" ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်က ပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင် အခြေစိုက်၍ လူကုန်ကူးမှု အဓိကလုပ်ဆောင်နေသူဖြစ်သည့် မခိုင်သန်းအေးဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။

“လက်ရှိမှာတော့ မိဘတွေ(လူကုန်ကူးခံရသူ၏ မိဘ)က ပြည်ပအလုပ်အကိုင်ပုဒ်မ(၂၆) နဲ့ ကျူးလွန်သူတွေကို မင်္ဂလာဒုံတရားရုံးမှာ တရားစွဲထားတယ်“ဟု လူကုန်ကူးမှုကျူးလွန်သူများအား အရေးယူဆောင်ရွက်နေမှုနှင့် ပတ်သက်၍  ရခိုင်အမျိုးသားကွန်ရက်ဥက္ကဌ ဦးတင်ထူးအောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါ လူကုန်ကူးခံရသူများသည် ၎င်းတို့ မလုပ်ကိုင်လိုသည့် လုပ်ငန်းခွင်များတွင် ရောက်ရှိလုပ်ကိုင်နေရခြင်း၊ ရသင့်ရထိုက်သည့် လုပ်ခလစာမရရှိခြင်းနှင့် အခြားသော ကိုယ်ထိလက်ရောက်စော်ကားခံရခြင်းများကိုလည်း ကျူးလွန်ခံရကြောင်း သိရှိရသည်ဟု ဦးတင်ထူးအောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ဒူဘိုင်းသို့ အိမ်အကူလုပ်ကိုင်ရန် သွားရောက်ခဲ့သည့် မြန်မာအမျိုးသမီးအချို့ ပွဲစားများ၏ လိမ်လည်မှုကြောင့် ဒုက္ခရောက်ပြီး အကူအညီတောင်းခံနေသည့် ရုပ်သံဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သေးသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်းမှာပင် ဒူဘိုင်းသို့ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်မည့် အမျိုးသမီး ၅၀ ခန့် လူကုန်ကူးခံရကာ အိုမန်နိုင်ငံသို့ ပို့ဆောင်ခံလိုက်ရကြောင်းလည်း သတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးလာမှု၊ ကုန်စျေးနှုန်းမြင့်တက်၍ စားဝတ်နေရေးကြပ်တည်းလာမှုများကြောင့် လူငယ်များနှင့် လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန် ပိုမိုကြိုးပမ်းလာကြပြီး အိမ်နီးချင်းထိုင်းနိုင်ငံသို့လည်း တရားမဝင်ဝင်ရောက် အလုပ်လုပ်ကိုင်မှုများ ပိုမိုမြင့်တက်လာကာ ယခုကဲ့သို့ လူကုန်ကူးမှု ကျူးလွန်ခံနေရသည့် ဖြစ်ရပ်များလည်း မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ အောင်ကျော်ဖြိုး

#ရခိုင်ပြည်နယ်
#စစ်တွေမြို့
#လူကုန်ကူးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required