ဖရူဆိုတွင် ရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီး ဒဏ်ရာရ

By ဂျူချန်း(မဇ္ဈိမ)
07 October 2023
ဖရူဆိုတွင် ရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီး ဒဏ်ရာရ
 ပုံအညွှန်း-စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-KNDF)

ကရင်နီပြည်နယ်၊   ဖရူဆိုမြို့ ၊ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် ရပ်နားထားသည့် စစ်ကောင်စီယာဥ်တန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီးတဦး ဦးခေါင်းနှင့် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မယ်စဲ့မြို့သို့ ဦးတည်နေသည့် ယာဥ်အစီး ၆၀ ခန့် ပါ  ထိုစစ်ကောင်စီ ရိက္ခာယာဉ်တန်း မှ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ  ဖရူဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ကျေးရွာတရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး တဦး ထိခိုက်ပြီး နွားတကောင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျေးရွာဘက်သို့ ထိုနေ့ ည ၁၀ နာရီကျော်အချိန်တွင်လည်း ယင်းလေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီး ၁၀ လုံးခန့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“စစ်ယာဉ်တန်း အားလုံးနီးပါးက တန်းမြင့်လေးကျင့်ရေးကျောင်းမှာ ရှိနေတယ်ဗျ။ ဖရူဆိုနဲ့ထားလဲရွာကြားမှာရှိတယ်ဗျ။ လက်နက်ကြီးပစ်ခတ်တာ လေယာဉ်ဗုံးကြဲတာရှိတယ်ဗျ။ ထိခိုက်မှုတော့ အသေးစိတ်မသိရဘူးဗျ။ မြေပြင်က ဖုန်းလိုင်းအဆင်မပြေလို့ပါဗျ” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ယနေ့ အောက်တိုဘာလ ၇ ရက် နေ့ခင်းပိုင်း၌ မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁၁နာရီခန့်တွင်လည်း တာဝေးပစ် ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ငါးလုံးကျရောက်ပေါက်ကွဲကာ နေအိမ်နှစ်လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ပုံအညွှန်း-စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-KNDF)

ယင်းကျေးရွာတွင် ပြည်သူများနေထိုင်နေသေးသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ  စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေခြင်းသည်  ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ကာ စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ထိုယာဥ်တန်းသည် ပြီးခဲ့သည့် ဩဂုတ်လအစပိုင်းတွင် လွိုင်ကော်မြို့မှ ထွက်ခွာလာကာ မယ်စဲ့မြို့နယ် ပန်းတိန်ဒေသသို့ ဦးတည်ချီတက်နေသည့် ယာဉ်တန်းဖြစ်သော်လည်း ယနေ့ အောက်တိုဘာလ ၇ ရက်နေ့အထိ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။

ပုံအညွှန်း-စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-KNDF)


လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းရောက်ရှိနေသည့် ဖရူဆိုမြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်ကော်နှင့် ဖယ်ခုံမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ရှောင်စခန်းများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့၍ ပြည်သူ ခုနစ်ဦး ဒဏ်ရာရကာ စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူတဦးနှင့် မြေမြှုပ်မိုင်းကြောင့် ပြည်သူတဦး သေဆုံးခဲ့ရကြောင်း KNDF က  အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံအညွှန်း-စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-KNDF)

စက်တင်ဘာလအတွင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်နီပြည်အတွင်းရှိ ခရစ်ယာန်ဘာရားကျောင်းတကျောင်း၊ ကျန်းမာရေးအဆောက်အအုံ တလုံးနှင့် နေအိမ် သုံးလုံး ပျက်ဆီးခဲ့ရကြောင်း KNDF ၏ စက်တင်ဘာလ တလတာ စစ်ရေးသတင်းအနှစ်ချုပ်တွင် ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly