ကျောက်ကြီးတွင် အရပ်သားပြည်သူနေရာများကို ပစ်မှတ်ထား၍ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု KNU ထုတ်ပြန်

By YT (မဇ္ဈိမ)
19 October 2023
ကျောက်ကြီးတွင် အရပ်သားပြည်သူနေရာများကို ပစ်မှတ်ထား၍ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဟု KNU ထုတ်ပြန်
ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ၍ ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အရပ်သားပြည်သူရှိရာနေရာများကို စစ်ကောင်စီတပ်​က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက အောက်တို ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေဖြစ်သည့်ကျောက်ကြီးမြို့နယ်မှ လယ်ထူးလူ၊ ကဒီးစူဒေး၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော်ပလောနှင့် စေးဘောဒဲ စသည့် ဒေသခြောက်ခုကိုအောက်တိုဘာလ ၁၇ ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ယင်းနေ့ နံနက် ၈နာရီခန့်မှ ညအထိ စစ်ကောင်စီက တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးသီးများကြဲချသည့်အပြင်  စစ်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သွားခဲ့သည်ဟု KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" ဗုံးကြဲခံရတဲ့နေရာတွေက ပြည်သူတွေ နေတဲ့နေရာတွေပဲ။ KNU လက်အောက်ခံ စာသင်ကျောင်းတွေ ရှိတယ်လေ" ဟု KNU  သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်​၏ လေကြောင်းမှတိုက်ခိုက်မှုများကြောင့် လယ်ထူးလူဒေသမှ ပြည်သူပိုင် အဆောက်အဦးနှစ်လုံး၊ ကဒီးစူဒေး ဒေသမှ ပြည်သူပိုင်အဆောက်အဦးတလုံး၊ ပယ်ဝါးဒဲကျေးရွာမှနေအိမ်သုံးလုံးနှင့် သီးနှံစိုက်ခင်းအချို့ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင်ပယ်ဝါးဒဲကျေးရွာမှ ဒေသခံအမျိုးသားတဦးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် စာသင်ကျောင်းငါးကျောင်းနှင့် ခလယ်လွီထူဂျူနီယာကောလိပ်တို့အား ယာယီပိတ်ထားရပြီး အနီးအနား ကျေးရွာများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း KNU က ဖော်ပြထားသည်။  

KNU တပ်မဟာ (၃) နယ်မြေတွင် စစ်ရေးပဋိပက္ခများနှင့် စစ်ကောင်စီတပ်​၏ အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ၂၄၀,၀၀၀ကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ဗဟိုက အောက်တိုဘာလ‌ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဘောလေးဒဲကျေးရွာသို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင်ထိခိုက်မှုမရှိဟုဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း KNU တပ်မဟာ(၅)နယ်မြေ၌  စစ်ကောင်စီတပ်နှင့်KNLAတိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် ၁၃ ဦး သေဆုံး၍ ၂၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊KNLAရဲဘော်တဦး ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required