ရွှေပြည်သာတွင် အရေးပေါ်လူနာတင်ယာဥ် မတော်တဆမှုဖြစ်၊ ၂ သေဆုံး  ၂ ဦး ဒဏ်ရာရ 

By ရောင်နီ (မဇ္ဈိမ)
17 October 2023
ရွှေပြည်သာတွင် အရေးပေါ်လူနာတင်ယာဥ် မတော်တဆမှုဖြစ်၊ ၂ သေဆုံး  ၂ ဦး ဒဏ်ရာရ 
ပုံအညွှန်း - မတော်တဆမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်ခဲ့သည့် လူနာတင်ယာဥ်။ (ဓာတ်ပုံ - လူမှုကွန်ရက်)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လူနာတင်ယာဥ်တစီး မတော်တဆမှုဖြစ်ပွားပြီး အရေးပေါ်လူနာတဦးနှင့် ပရဟိတ၀န်ထမ်းတဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ 

We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ လူနာတင်ယာဥ်သည် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ည ၈ နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ်မှ လူနာသယ်ယူပြီး အင်းစိန်ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်စဥ် ပုလဲလမ်းမပေါ်  (၁၄) လမ်းဆုံအနီးတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

“အရေးပေါ် လူနာကို တင်ပြီးမောင်းလာတဲ့အချိန် ပုလဲလမ်းမပေါ်မှာ လမ်းဖြတ်ကူးတဲ့ လူတယောက်ကို တွေ့လို့ ရှောင်လိုက်တာ။ အဲ့လို ရှောင်လိုက်တဲ့အချိန် လမ်းဘေးမှာ ရပ်ထားတဲ့ တွဲကားကို အနောက်ကနေ တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရတဲ့သူ နှစ်ယောက်ရှိပါတယ်။ လက်ရှိအချိန်အထိ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု မရမ်းကုန်းအခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးက ပြောသည်။ 

ယင်းသို့ ယာဥ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် လူနာတင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် ပရဟိတ၀န်ထမ်း အမျိုးသားတဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အရေးပေါ်လူနာသည်လည်း အင်းစိန်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။    ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#ရွှေပြည်သာမြို့နယ်
#ယာဉ်တိမ်းမှောက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required