အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမည့် နောက်ဆုံးတိုက်ပွဲဟု ပြည်သူများသို့ NUG ယာယီသမ္မတ ‌ပြော

အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမည့် နောက်ဆုံးတိုက်ပွဲဟု ပြည်သူများသို့ NUG ယာယီသမ္မတ ‌ပြော

အာဏာရှင်စနစ်ခေါင်းမထောင်နိုင်အောင် အပြီးသတ်ရှင်းလင်းမည့် နောက်ဆုံးတိုက်ပွဲဟု ပြည်သူများသို့ NUG ယာယီသမ္မတက ‌ပြောသည်။

" ကျနော်တို့ လက်ရှိဆင်နွှဲနေတဲ့ တိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်ပါတယ်..။ နောက်ဆုံးတိုက်ပွဲလို့ ပြောတာက ဒီတကြိမ်တိုက်ပြီး နိုင်နိုင်/မနိုင်နိုင် နောက်တကြိမ် ဆက်ပြီးမတိုက်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး..။ ဒီတကြိမ် ဆင်နွဲနေတဲ့ တော်လှန်ရေးဟာ နောက်တကြိမ်ထပ်မံ ဆင်နွှဲစရာမလိုအပ်တော့တဲ့အထိ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဒီမြေဒီရေမှာ ဘယ်တော့မှ နောက်တကြိမ်ခေါင်းထောင် ရှင်သန်ခွင့်မရှိအောင် အပြီးသတ်ချေမှုန်းရှင်းလင်းသွားမယ့် တော်လှန်ရေးမို့ နောက်ဆုံးတိုက်ပွဲလို့ ရည်ညွှန်းပြောဆိုတာဖြစ်ပါ တယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းတွင် ‌ထည့်သွင်း‌ပြောသည်။

တော်လှန်ရေး နှစ်နှစ်တာကာလအတွင်း စစ်အုပ်စုကို အထိနာ ‌စေမည့် တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့သည်ဟု ၎င်းက‌ပြောသည်။

" တော်လှန်ရေးကာလ ၂ နှစ် ကျော်လာတဲ့အချိန်မှာ ကျွန်တော်တို့ အနေဖြင့် ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေး ဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုခံတိုက်ပွဲပေါင်း ခြောက်ထောင့်ရှစ်ရာကျော် ဆင်နွှဲထားနိုင် ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စခန်း သိမ်းတိုက်ပွဲပေါင်း ၁၀၀ ကျော်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါဟာ ခုခံစစ် ပထမနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အချက်အလက်တွေအရကို သိသာထင်ရှားစွာ တိုးမြင့် လာတဲ့ တိုက်ပွဲဖေါ်ဆောင်မှု နဲ့ အောင်မြင်မှုတွေဖြစ်ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

မိမိတို့ဘက်မှ ရှင်းလင်းပြတ်သားသည့် ယုံကြည်ချက်ဖြင့်တိုက်ပွဲ ၀င်နေသော်လည်း စစ်ကောင်စီဘက်တွင်မူ ယုံကြည်ချက်မဲ့နေ သည်ဟု ၎င်းက‌ပြောသည်။

" ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး အကြမ်းဖက် တိုက်ခိုက်နေတဲ့ စစ်အုပ်စုဟာ အကြမ်းဖက် လက်နက်ကိုင်ဂိုဏ်း တခုသဖွယ်သာ ရှိပါတော့တယ်။ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်များဟာ ရှင်းလင်းပြတ်သားတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲ ဝင်နေကြပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့ ယုံကြည်ချက် မဲ့စွာ တိုက်နေရတယ်ဆိုတာက ငြင်းချက်မထုတ်နိုင်တဲ့ အရှိတရားဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်တို့အနေနဲ့ ရန်သူကို လျှော့တွက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ရန်သူရဲ့ အခြေအနေ၊ ရန်သူရဲ့ အားနည်းချက်တွေကို သုံးသပ်ဆန်းစစ်ပြီး တော်လှန်ရေး အရှိန်ကို မဟာဗျူဟာကျကျ မြှင့်တင်နိုင်ဖို့ ပြောဆိုတာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ‌ပြောသည်။

NUG အစိုးရအနေဖြင့် ပြည်သူများနှင့် ကင်းကွာမှုမရှိဘဲ တော်လှန်ရေးနှင့်ပတ်သက်သည့် အ‌ခြေအနေများကို လစဉ် တင်ပြမည်ဟု ၎င်းကဆက်‌ပြောသည်။

" ကျွန်တော် ချစ်ခင်လေးစားရပါသော တိုင်းသူပြည်သားများ ခင်ဗျား။ပြည်သူ့တော်လှန်ရေးဟာ ပြည်သူနဲ့မကင်းကွာဘဲ ပြည်သူနဲ့အတူ တသားတည်းတည်ရှိနေခြင်းက ဒီတော်လှန်ရေးရဲ့ အသည်းနှလုံးဖြစ်တယ်ဆိုတာကို ကျွန်တော် လေးနက်စွာ ယုံကြည်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးရဲ့ အခြေအနေအမှန်ကို သိရှိနေဖို့ အင်မတန်မှ အရေးကြီး ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required