မြန်မာစစ်ကောင်စီကို နိုင်ငံတကာအရေးယူဖို့ အရပ်ဘက်အဖွဲ့ ၄၄၀ ကျော် တောင်းဆို

မြန်မာစစ်ကောင်စီကို နိုင်ငံတကာအရေးယူဖို့ အရပ်ဘက်အဖွဲ့ ၄၄၀ ကျော် တောင်းဆို

မြန်မာစစ်တပ်ကို အရေးယူနိုင်မယ့်လမ်းကြောင်းအားလုံးနဲ့ အချိန်မဆိုင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ အကြိမ် ၁,၀၀၀ လောက်တိုက်ခိုက်ခဲ့တဲ့ မြန်မာစစ်တပ်ကို  ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းအားလုံးနဲ့ အရေးယူဖို့  မြန်မာအရပ်ဘက် အဖွဲ့အစည်း ၄၄၀ က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အမည်မဖော်ပြလိုတဲ့ အဖွဲ့ ၇၁ ဖွဲ့အပါအဝင် မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၄၀ က ကုလသမဂ္ဂ အထွေထွေညီလာခံကို အောက်တိုဘာလ ၁၇ ရက်နေ့စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ခုလို တောင်းဆိုလိုက်ကြတာပါ။

မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်အုပ်စုရဲ့ ပိုဆိုးလာနေတဲ့ ရက်စက် ကြမ်းကြုတ်မှုကို ခိုင်မာတဲ့သက်သေအထောက်အထားနဲ့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ အပြည့်အစုံကို အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး (ICC) ထံကို လွှဲပြောင်းပေးဖို့ မဟာမင်းကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုတာကိုလည်း တခဲနက်ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာဥပဒေအောက်မှာ မြန်မာစစ်တပ်ကို တာဝန်ယူ တာဝန်ခံခိုင်းတာ မရှိဘူးဆိုရင် မြန်မာစစ်တပ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေမှာဖြစ်တယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ပြောထားပါတယ်။

ကုလသမဂ္ဂဟာ လွန်ခဲ့တဲ့ ၂၉ လအတွင်း သူ့ရဲ့ တာဝန်ရှိမှုတွေကို အာဆီယံနဲ့ အာဆီယံရဲ့ မထိရောက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂ က ကူညီပံ့ပိုးပေးဖို့ အာဆီယံ ကိုယ်တိုင်က အတိအလင်း တောင်းဆိုထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်နေသူတွေဟာ ဘေးအန္တရာယ် ကင်းကင်း၊ တားဆီးနှောင့်ယှက်တာတွေမရှိဘဲ ပြည့်ပြည့်ဝဝ လက်လှမ်းမီ ရရှိနိုင်ရေး ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း အလေးမထားခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း မြန်မာနိုင်ငံတလွှား ဖမ်းဆီးနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး အချိုးဖောက်ခံနေရတာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစု၊ မှတ်တမ်းတင်နေကြသလို ဒီလို ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူ ဒဏ်ခတ်ကြဖို့လည်း တိုက်တွန်းနေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly