ကမ္ဘာ့အကြပ်အတည်းများကြား ရိုဟင်ဂျာအရေးမမေ့ဖို့နဲ့ အကူအညီဆက်ပေးကြဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

ကမ္ဘာ့အကြပ်အတည်းများကြား ရိုဟင်ဂျာအရေးမမေ့ဖို့နဲ့ အကူအညီဆက်ပေးကြဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

ကမ္ဘာ့ အကြပ်အတည်းအခြေအနေ အများကြီးထဲမှာ ရိုဟင်ဂျာလူမျိုးတွေရဲ့ အတိဒုက္ခကို မမေ့ကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်ပြီးကူညီပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ထိုင်းနိုင်ငံက ဦးစီးကျင်းပတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ဆိုင်ရာ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ကူညီဖို့အတွက်ရော အိမ်ရှင်နိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုး လျှော့ချဖို့ပါ ရန်ပုံငွေ ပိုပြီးလိုအပ်နေတယ်လို့လည်း မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒီနှစ်အတွက် ကူညီငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၇၆ သန်း လိုအပ်နေပေမယ့် အခုအထိ အဲဒီပမာဏရဲ့ ၄၂% ကိုပဲ ရရှိခဲ့တဲ့အတွက် လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးကို တစ်လ ၈ ဒေါ်လာပဲ ပေးနိုင်တော့တယ်လို့လည်း ကုလဒုက္ခသည်များဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

နိုင်ငံတကာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကျဆင်းလာနေတာ တွေ့ရတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်နဲ့ သူတို့ကို လက်ခံဆောင်ရွက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေအတွက်လည်း စိုးရိမ်ပူပန်တယ် လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးကို ဦးစားပေးဆောင်ရွက်နေဆဲဖြစ်ပါတယ် လို့လည်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီက ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ ခိုလှုံနေရတာ ဖြစ်ပြီး အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာတွေကပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဆက်ဖြစ်နေပြီး အာဖဂန်နစ္စတန်၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက အကြပ်အတည်းတွေကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေက ပိုလို့ ခက်ခဲလာနေတယ်လို့လည်း မစ္စတာ ဂရန်ဒီ က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီ ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကိုယ်စားလှယ်တွေနဲ့ ရိုဟင်ဂျာဦးဆောင် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင် ၄.၅ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၅.၅ သန်း ထည့်ဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၁၇ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အန်ဖ်ရီန် အန်တာ) ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်အကဲခတ်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ ဆက်ပေးကြဖို့ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာပဲ အမေရိကန်သံအရာရှိ ဒုက္ခသည်စခန်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မငြိမ်းချမ်းနိုင်တဲ့ အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းကြဖို့ အောက်တိုဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရတ်ချနာဘူရီ (Ratchaburi) ခရိုင်က ထန်ဟင်း ယာယီဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပန်ကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly