စစ်ကောင်စီကို စင်္ကာပူက ပိတ်ဆို့အရေးယူရန် လှုပ်ရှားမှုပြုလုပ်သွားမည်

By မိုးသောက် (မဇ္ဈိမ)
24 October 2023
စစ်ကောင်စီကို စင်္ကာပူက ပိတ်ဆို့အရေးယူရန် လှုပ်ရှားမှုပြုလုပ်သွားမည်

စင်္ကာပူအစိုးရအနေဖြင့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများပြုလုပ်ရန်အတွက် DoMoreSingapore campaignကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

အဆိုပါကမ်ပိန်းကို Blood Money Campaign (သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ) နှင့်မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၅ရက်နေ့မှ ၃၁ရက်အထိပြုလုပ်သွားကြမည်ဖြစ်ကြောင်း အဖွဲ့ကဆိုသည်။

"ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု Global action အနေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီ global action ကာလကို ပြည်တွင်းမှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေ၊ ပြည်ပမှာဆို စင်္ကာပူသံရုံးကို အိတ်ဖွင့်ပေးစာပေးပို့တာတွေ၊ သံရုံးရှေ့ တောင်းဆိုမှုပြုလုပ်တာတွေကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အွန်လိုင်းမှာဆို လူထုအင်အား ပါဝင်နိုင်တဲ့ လက်မှတ်ထိုးကမ်ပိန်းတွေ၊ ဓာတ်ပုံကမ်ပိန်းတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်။”ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စင်္ကာပူအစိုးရသည် စစ်ကောင်စီထံကို လက်နက်စီးဆင်းမှုရပ်တန့်ထားကြောင်း ပြောထားသော်လည်း လက်နက်တန်ဖိုး ဒေါ်လာသန်းနှင့်ချီပြီး စီးဆင်းမှုရှိနေသည်ကို ထောက်ပြပြီး ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်တောင်းဆိုကြခြင်းဖြစ်သည်။

စင်္ကာပူနိုင်ငံတွင်ရှိနေသည့် ဘဏ်ကိုးခုတွင် မြန်မာနိုင်ငံ၏အရန်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ဘီလီယံနီးပါး ရှိနေသည့်အတွက် စစ်ကောင်စီအသုံးပြုခွင့်မရရန်လည်း တောင်းဆိုသွားကြမည်ဟု သိရသည်။

ကမ်ပိန်းပြုလုပ်သူများအနေဖြင့်  စင်္ကာပူဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်ရေးသားသည့် ကမ်ပိန်းများလည်း ပြုလုပ်နေသည်။

"စင်္ကာပူနိုင်ငံသားတွေပါ မြင်နိုင်ပြီး သူတို့နိုင်ငံက တခြားနိုင်ငံမှာ အကြမ်းဖက်ရက်စက်မှုတွေ ဖြစ်ပွားစေဖို့ ထောက်ပံ့နေကြတာလားဆိုတာကို သိစေမြင်စေဖို့ ဖြစ်ပါတယ်။ အလားတူ Twitter comments campaign နဲ့ trending လည်း ဆက်လုပ်ဖို့ ရှိပါတယ်။ “ ဟု တာဝန်ရှိသူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြသကဲ့သို့ တဖက်တွင်လည်း စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းပိတ်ဆို့ရေး၊ လက်နက်ကုန်သွယ်မှုကို စောင့်ကြည့်ရေးနှင့် လေယာဉ်ဆီများကို ပိတ်ဆို့ရေးတို့အတွက် ပြည်သူများက နိုင်ငံတကာအဖွဲအစည်းများကို တောင်းဆိုနေကြခြင်းဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly