ဟမွန်း မုန်တိုင်းအရှိန်ကြောင့် ရေကြီးမှုနှင့် မြေပြိုမှု‌ ဘေး ဆက်သတိပေးထား

By ရောင်နီ (မဇ္စျိမ)
24 October 2023
ဟမွန်း မုန်တိုင်းအရှိန်ကြောင့် ရေကြီးမှုနှင့် မြေပြိုမှု‌ ဘေး ဆက်သတိပေးထား
ပုံအညွှန်း - ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် အောက်တိုဘာလ ၂၂  ရက်နေ့က မြင်တွေ့ရသည့် ရေကြီးနစ်မြုပ်မှုမြင်ကွင်း။ (ပုံ - Hlegu Information Centre)

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်း မုန်တိုင်း “ ဟမွန်း” သည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံဘက်သို့ မဝင်နိုင်သော်လည်း  ယင်းမုန်တိုင်းအရှိန်ကြောင့် ရေကြီးမှုနှင့် မြေပြိုမှု ဆက်လက်သတိပြုရန် စစ်ကောင်စီ၏ မိုးဇလဌာနက သတိပေးသည်။ 

ယနေ့ အောက်တိုဘာလ ၂၄ရက် နံနက် ၈ နာရီ ၃၀မိနစ်အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“ဟမွန်း”(HAMOON)သည် ပိုမိုအားကောင်းလာပြီး  အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ်လာခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဘဲ နောက် ၃၆နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။ သို့သော် ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့မှစ၍ မနက်ဖြန် အောက်တိုဘာလ ၂၅ရက်အထိ ဒေသအများစု နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ 

အထူးသဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်းနှင့် နေပြည်တော်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်လည်း မိုးရွာနိုင်သည်ဟုဆိုသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသများနှင့်  မြစ်၊ ချောင်း အနီး နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ရန် တိုက်တွန်းထားသည်။ 

ကမ္ဘာလုံးဆိုင်ရာသဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး သတိပေးနေသည့်  Global Disaster Alert and Coordination System - GDACS ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် HAMOON မုန်တိုင်းအရှိန်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံပေါ် သက်ရောက်နိုင်ကြောင်းနှင့် အထူးသဖြင့် မုန်တိုင်းတိုက်ရိုက်ဝင်မည့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အိန္ဒိယနိုင်ငံကို အထူးသတိပေးထားသည်။ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်၌ မိုးနှင့်လေပြင်း သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်မည့် အဆိုပါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများ ရှိနေမည် ဖြစ်ကြောင်းအောက်တိုဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယနေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့၌ မိုးသည်းထန်စွာရွာသွန်းနေပြီးရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၌ မိုးလည်းကောင်းနေသည့်အပြင် တခါတရံ လေပြင်းလည်းတိုက်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly