လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF ၇ ဦးသေဆုံးဟု စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

By JC ၊ မင်းထက်(မဇ္ဈိမ)
26 October 2023
လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PDF ၇ ဦးသေဆုံးဟု စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီတပ်မှ တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ခုနစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း စစ်ကောင်စီထောက်ခံသူများက ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

မှိုင်းဝေတယ်လီဂရမ်ချန်နယ်တွင် အောက်တိုဘာလ ၁၉ ရက်နေ့က “ဧရာတိုင်းသားတွေ ကြမ်းပြန်ပြီဟေ့” ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခြုံတောင်ကျေးရွာအနီးရှိ ပြည်သူ့ကာ ကွယ်ရေးတပ်စခန်းတခုကို စစ်ကောင်စီတပ်မှ တိုက်ခိုက်သိမ်းပိုက်ရာ ထိတွေ့တိုက်ပွဲအတွင်း PDF ခုနစ် ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။
ထိုအကြောင်းအရာသည် တယ်လီဂရမ်ချန်နယ်နှင့် ဂရု ၂၇ ခုတွင် ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၁၆,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

မဇ္ဈိမအချက်အလက်စစ်ဆေးသူများမှ အဆိုပါအကြောင်းအရာအား စိစစ်ခဲ့ရာ အဆိုပါတိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းမရှိကြောင်း တွေ့ရသည်။

သတင်းမှားတွင် နေ့ရက်အတိအကျကို ဖော်ပြထားခြင်းမရှိသော်လည်း လတ်တလော တိုက်ပွဲဖြစ်ပွား သယောင်ဖြင့် သတင်းဖော်ပြထားသည်။ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ် ပွားခြင်းမရှိသည်မှာ နှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နောက်ဆုံးဖြစ်ကြောင်း ဟင်္သာတခရိုင်အတွင်းလှုပ်ရှားနေ သည့် ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောသည်။

“လေးမျက်နှာမြို့နယ်ထဲမှာတော့ ဒီတလ၊ နှစ်လထဲမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ထဲမှာတော့ ကြံခင်းနဲ့ ဟင်္သာတခရိုင် အမှတ်(၁) တပ်ရင်းနဲ့ စကစဘက်က စစ်ကြောင်းလေးကြောင်းနဲ့ ထိတွေ့မှုဖြစ်တယ်။ ရင်းဘက်ကတော့ ရဲဘော်သုံးယောက်ကျတယ်။ စစ်ကောင်စီဘက်ကတော့ ၂၀ ကနေ ၃၀ ကြားကျတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ တိုက်ပွဲအတွင်း ရဲဘော်သုံးဦးကျဆုံးပြီး လက်နက် ခဲယမ်းအချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတဦး ထိခိုက်ဒဏ်ရာရကာ ၃၀ ဦး သေဆုံးခဲ့ ကြောင်း ဟင်္သာတခရိုင်တပ်ရင်းမှ သတင်းထုတ်ပြန်ထားသည်။
လင့် - https://shorturl.at/dfrPV

ပြီးခဲ့သည့်တလကျော်ခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသည့်တပ်စခန်းတခုကို စစ်ကောင်စီမှ သိမ်းပိုက်ခဲ့ပြီး ထိုစခန်းမှ လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့သည်မှန်သော်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိ သကဲ့သို့ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ခုနစ်ဦး သေဆုံးသည်မှာလည်း မှန်ကန်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ တလလောက်က လေးမျက်နှာထဲမှာ ရဲဘော်တွေစွန့်ခွာသွားတဲ့စခန်းတခု သိမ်းခံရတာရှိတယ်။ အဲ့ဒီမှာ သူတို့ လက်နက်ပစ္စည်းတချို့ ရသွားတာရှိတယ်။ ဘာလို့ဆို လေးမျက်နှာဘက်နေပြီး အပြင်ထွက် ရင်းအဖမ်းခံလိုက်ရတဲ့ ရဲဘော်တချို့ရှိတယ်။ ဖမ်းခံလိုက်ရတဲ့ ရဲဘော်တွေကနေပြီးတော့ နေရာလိုက်ပြ ရင်းကနေ စခန်းမှာ လက်နက်ပစ္စည်းတချို့ သိမ်းခံလိုက်ရတာရှိတယ်။ ဒါပေမယ့် သူတို့ပြောတဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပြီး PDF ခုနှစ်ဦးကျဆုံးတယ်ဆိုတာကတော့ မဟုတ်ပါဘူး” ဟု  ဟင်္သာတခရိုင်အတွင်း လှုပ်ရှား နေသည့် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

လတ်လော လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်းနှင့် စစ်ကောင်စီက ဖမ်းဆီးရမိသည့် တော်လှန်ရေးရဲဘော်များကို အစဖျောက်ချင်သဖြင့် သတင်းမှားလွှင့်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“ကျမကြားမိသလောက်တော့ လေးမျက်နှာထဲမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး။ ကြံခင်းအနောက်ဘက် ရိုးမထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ အသံတွေကြားရတယ်။ ဒီတလနှစ်လလောက်မှာ ဟင်္သာတခရိုင်ထဲက တော်လှန်ရေးရဲဘော်တချို့ ဖမ်းခံရတာရှိတယ်လို့ကြားတယ်။ သူတို့ကိုအစဖျောက်ချင်လို့ အခုလိုသတင်း မှား လွှင့်တာလားတော့ မပြောတတ်ဘူး။ ထိတွေ့မှုမရှိတာကတော့ သေချာတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

လေးမျက်နှာမြို့နယ်၊ ခြုံတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်ခုနစ်ဦး သေဆုံးကြောင်းကို လွတ်လပ်သည့် သတင်းဌာနများတွင်လည်း ဖော်ပြထားခြင်းမရှိပေ။

ထို့ကြောင့် လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့၏စခန်းကို သိမ်း ဆည်းရမိကာ PDF ခုနစ်ဦး သေဆုံးသည်မှာ သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required