စစ်လက်ကျန် လက်နက်ကြီး ပေါက်ကွဲပြီး လက် ၁ ဖက် ဆုံးရှုံးသွားသည့် ၅ တန်းကျောင်းသား ဆေးကုသရန် အကူအညီလိုအပ်

By ကိုခင်မောင် (မဇ္ဈိမ)
26 October 2023
စစ်လက်ကျန် လက်နက်ကြီး ပေါက်ကွဲပြီး လက် ၁ ဖက် ဆုံးရှုံးသွားသည့် ၅ တန်းကျောင်းသား ဆေးကုသရန် အကူအညီလိုအပ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ကိုင်မိ၍ ပေါက်ကွဲပြီး လက်တဖက် ဆုံးရှုံးကာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာ ရရှိသွားသည့် ငါးတန်းကျောင်းသားတဦး ဆေးကုသရန် အကူအညီများ လိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

အသက် ၁၂ နှစ်အရွယ် မောင်သားလေးသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထီးလင်းမြို့နယ် ၊ အကြည်ဘန်းကျေးရွာရှိ အကြည်ဘန်းရေကန်အစပ်က မပေါက်ကွဲဘဲ ကျန်ခဲ့သည့် ၆၀ မမ လက်နက်ကြီးတလုံးကို သွားကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ညာဘက်လက် ဆုံးရှုံးသွားကာ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် မောင်သားလေး၏ လတ်တလော ကျန်းမာရေးသည် ပြည်ပကို ထွက်ကုရမည့် အခြေအနေဖြစ်ပြီး လိုအပ်သည့် ကုန်ကျစရိတ်သည် မိသားစုအတွက် လက်လှမ်းမမီနိုင်သည့် အခြေအနေဖြစ်ကြောင်း မိသးစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

“အမေဖြစ်သူက CDM ကျောင်းဆရာမဖြစ်တယ်၊ အဖေက တောင်သူပါ၊ ဒီခေတ်ကြီးထဲမှာ ခက်ခက်ခဲခဲရှာဖွေစားသောက်နေရပါတယ်ဆို ၁၂ နှစ်အရွယ်သားလေးက အခုလိုတွေဖြစ်သွားတယ်၊ သေမလား၊ ရှင်မလားမသိဘဲ သုံးလေးရက်တာ အသက်လုနေရတဲ့ကာလအတွင်းမှာ မိဘနှစ်ပါးလုံးက ရူးမတတ်ပါပဲ၊ အခုလို လတ်တလော အသက်အန္တရာယ်ဘေးကင်းပြီဆိုတဲ့ အချိန်ကျတော့လည်း ပြည်ပထွက်ကုမှသာ စိတ်ချရမယ်တဲ့၊ လိုအပ်တဲ့ကုန်ကျစားရိတ်က မိသားစုအတွက်ဘယ်လိုမှ လက်လှမ်းမမှီဖြစ်နေလို့ တတ်နိုင်သူများ ကူပေးကြပါအုံးခင်ဗျာ” ဟု နီးစပ်သူက ပြောသည်။

မောင်သားလေး ကောက်ကိုင်လိုက်သော လက်နက်ကြီးသည် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း   စစ်ကောင်စီတပ်သားများ ထီးချိုင့်မြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် ရမ်းသမ်းပစ်ခတ် လိုက်သော လက်နက်ကြီးဖြစ်သည်ဟု Yaw Revolution Army ( ထီးလင်း)မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် ထီးလင်းမြို့နယ်  ကြီးကျေးရွာ ၊အောင်းရွာ ၊ ညောင်ဟောင်းရွာ၊ အကြည်ဘန်းရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ဒေသခံများ ထွက်ပြေးရှောင်တိမ်းကြရသည်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ထွက်ခွာသွားပြီဖြစ်၍ ဒေသခံများ နေရပ်တွင် ပြန်လည်နေထိုင်နေကြပြီဟု သိရသည်။

ထိုကဲ့သို့ စစ်လက်ကျန် မပေါက်ကွဲသေးသော လက်နက်ကြီး၊ မိုင်းနှင့် အကြွင်းအကျန်များ တွေ့ပါက နီးစပ်ရာ ဒေသကာကွယ်ရေး တပ်ဖွဲ့များထံ ချက်ချင်းအကြောင်းကြားကြရန် Yaw Revolution Army ( ထီးလင်း)မှ တာဝန်ရှိသူက တိုက်တွန်းသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ထီးလင်းမြို့နယ်တွင် မပေါက်ကွဲသေးသော လက်နက်ကြီးများကို ကိုင်မိ၍ ပေါက်ကွဲမှုဖြစ်ပွားကာ ဒေသခံအမျိုးသား နှစ်ဦးသေဆုံးခဲ့သေးသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly