စစ်ဆင်ရေးတိုးမြှင့်မှာကြောင့် စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့ထုတ်ပြန်

By မဇ္ဈိမ 
01 November 2023
စစ်ဆင်ရေးတိုးမြှင့်မှာကြောင့် စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်ဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့ထုတ်ပြန်

'၁၀၂၇ စစ်ဆင်ရေး'ကို ဆင်နွှဲနေတဲ့ ညီနောင်သုံးဖွဲ့က  စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာ့တပ်မတော်သားများ အနေနဲ့ ပူးပေါင်းအညံ့ခံဝင်ရောက်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်တစ်ရပ်ကို ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့က (အောက်တိုဘာ ၃၁ရက်)တွင် ထုတ်ပြန်ခဲ့ရာ ရင်ဆိုင်ထားတဲ့ စစ်စခန်းများမှ စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်လိုပါက အမြန်ဆက်သွယ်ဖို့  အသိပေးကြေညာထားတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ ပူးပေါင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်စေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ချ ပူးပေါင်းလာသူတွေကို ဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှင်းပန်းမှာမဟုတ်ကြောင်း၊ မိသားစုနဲ့ ပေါင်းစည်းနိုင်ခွင့်ရနိင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို လိုအပ်တဲ့ ခရီးစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ကျန်းမာရေးမကောင်းသူတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီ ကစပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုတွေကို အလေးအနက်ထား ဂုဏ်ယူကြောင်းနဲ့ စစ်တပ်ရဲ့ ဖျားယောင်မှုမှာ မှိုင်းမိနေတဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိတဲ့ ရဲဘော်၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေဆီမှာ ချက်ချင်း လက်နက်ချ လာရောက်ပူးပေါင်းကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အောက်တိုဘာ ၃၁ ရက်ကလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်း လိုက်ပါတယ်။

တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေအားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေကြောင်း အလေးအနက်ထား ပြောလိုတယ်လို့ ဆိုပါတယ်။

ညီနောက်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှ အောက်တိုဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းအကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း ၈၀ကျော်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း ချင်းရွှေဟော်မြောက်ပိုင်း၌တပ်စခန်း နှစ်ခု၊သိန္နီ နှင့်လားရှိုးမြို့နယ်ကြားမှာ  တပ်စခန်းတစ်ခု အပါအဝင် စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ခန့်ကို မဟာမိတ်တပ်များကသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပြီး အခြားသောတော်လှန်ရေးလက်နက်ကိုင်တပ်များလည်း စစ်ကောင်စီကို တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ မြေပြင်စစ်ကူမရရှိတဲ့အချိန်တွေမှာ လေကြောင်းကို အားကိုးပြီး စစ်လက်နက် ပစ္စည်းများကို လေကြောင်းဖြင့် ဝေဟင်မှချပေးခြင်း အပါအဝင် ဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်ဖြင့် လေကြောင်းစစ်ကူခြင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများမှ အရပ်သားပြည်သူများအား လေကြောင်း ဖြင့်ဦးတည်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required