ကြာအင်းဆိပ်ကြီးတိုက်ပွဲ ဆက်လက်ပြင်းထန် လက်နက်ကြီးထိမှန်၍ အရပ်သားသေဆုံး

By YT(မဇ္ဈိမ)
02 November 2023
ကြာအင်းဆိပ်ကြီးတိုက်ပွဲ ဆက်လက်ပြင်းထန် လက်နက်ကြီးထိမှန်၍ အရပ်သားသေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တဝိုက်တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် အစောပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံတဦး သေဆုံးထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။

" ကြားအင်းဆိပ်ကြီး မြို့ထဲ နေရာအနှံ့ပါပဲ။ စစ်တပ်ရှိတဲ့ နေရာတွေပါ။ ညကတည်းက စဖြစ်နေတာ။ ပြည်သူတွေလည်း လက်နက်ကြီး ထိမှန်တာရှိပါတယ်၊ ပြည်သူတယောက် သေဆုံးထားတာ ရှိပါတယ်။ အနီးကပ်ပစ်နေကြတာတွေဆိုတော့ အစ်ကိုလည်း ပုန်းနေရပါတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့ပေါ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် အစောပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ကွီးလက်တဲ၊ ကနဲလေး စသည့် စစ်ကောင်စီ တပ်စခန်းများ အပါအဝင် မြို့နယ်တဝိုက်ရှိ စစ်ကောင်စီအထိုင်ချ တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်လည်းကောင်း၊ မြေပြင်မှလည်းကောင်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ပုံအညွှန်း- လက်နက်ကြီး ထိမှန် ဒဏ်ရာရ  ပြည်သူအချို့ (ဓါတ်ပုံ- ပေးပို့)

အဆိုပါ တိုက်ပွဲများအတွင်း ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄)၊ ခလရ (၃၂) အပါအဝင် စစ်ကောင်စီတပ်စခန်းများက ဒေသခံများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေရာမှ ဒေသခံ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတဦးသေဆုံးထားပြီး ကြာအင်းဆိပ်ကြီး မြို့ပေါ်ရပ်ကွက် (၁)၊ ရပ်ကွက် (၆) တို့တွင် ကလေးငယ်များအပါအဝင် ဒဏ်ရာရသူ ၁၀ ဦးနီးပါး ရှိနေကြောင်း၊ နေအိမ် ၁၅ လုံးထက်မနည်း လက်နက်ကြီး ထိမှန်ပျက်စီးထားကြောင်း ကနဦး စုံစမ်းသိရှိရသည်။

" ရပ်ကွက် (၁) ကပါ။ အိမ်ကိုလည်း ထိတယ်၊ လူတွေလည်း ထိထားပါတယ်။ အိမ်ကိုလက်နက်ကြီး သုံးလုံးကျပါတယ်။ နှစ်လုံးက အိမ်ရှေ့ကို ကျပါတယ်။ တလုံးက အိမ်ခေါင်မိုးပေါ် ကျပါတယ်။ အိမ်ဘေးနားက လူတချို့နဲ့ ကလေးတွေလဲ ဒဏ်ရာရထားပါတယ်။ အိမ်ထဲ ပုန်းနေရင်း လက်နက်ကြီး အိမ်ပေါ်ကျလို့ ဒဏ်ရာရကြတာပါ။ ဆေးကုသဖို့လည်း အဆင်မပြေပါဘူး" ဟု ရပ်ကွက် (၁) ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- လက်နက်ကြီး ထိမှန် ဒဏ်ရာရ  ပြည်သူအချို့ (ဓါတ်ပုံ- ပေးပို့)

ထို့ပြင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု တကြိမ်ပြုလုပ်သွားကြောင်း သိရသည်။

" ပစ်နေတုန်းပဲ မြို့ထဲအနှံ့မှာ။ လေယာဉ်ကတော့ တလုံးကြဲချသွားပြီ။ ဘယ်ကိုကျသွားလဲတော့ မသိဘူး" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက  မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ကြာအင်းဆိပ်ကြီး မြို့နယ်အနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ တိုက်ပွဲဖြစ်စဉ်အသေးစိတ်အား အတည်ပြု၍ မရနိုင်သေးချေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required