NUG ၏ တက္ကသိုလ် ၁၆ ခုတွင် ပထမနှစ် ကျောင်းသား ၈၅၀၀ ကျော် လက်ခံမည်

By မိုးသောက် မဲဆောက်(မဇ္ဈိမ)
03 November 2023
NUG ၏ တက္ကသိုလ် ၁၆ ခုတွင် ပထမနှစ် ကျောင်းသား ၈၅၀၀ ကျော် လက်ခံမည်
ဓာတ်ပုံ- ပုံဟောင်း

NUG က ဖွင့်လှစ်မည့် တက္ကသိုလ် ၁၆ ခုတွင် ပထမနှစ်ကျောင်းသား ဦးရေ ၈၅၀၀ ကျော် လက်ခံသွားမည်ဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီလက်အောက်ရှိ  ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများမှ လွဲ၍ ကျန်သူများ တက်ရောက်နိုင်မည်ဖြစ်ပြီးပညာရေးဝန်ကြီးဌာန၏ MES(Myanmar Eduacation System -MES) platform မှ တစ်ဆင့် ဝင်ခွင့်လျှောက်ထားကြရမည်ဖြစ်သည်။

သို့သော်  သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း) နှင့် နွေဦးဆရာအတတ်ပညာတက္ကသိုလ်အတွက်မူ ၎င်းတို့၏ ဝက်ဂ်ဆိုက်စာမျက်နှာတွင် ဝင်ခွင့်တိုက်ရိုက်လက်ခံသွားမည်ဟုသိရသည်။

“ တက္ကသိုလ်ဝင်ခွင့် ခေါ်ယူလက်ခံကြမယ့် တက္ကသိုလ်တွေဟာ သက်ဆိုင်ရာ သင်တန်းတွေကို ဖွင့်လှစ်နိုင်ဖို့ စုဖွဲ့ပြင်ဆင်ပြီးမှ တက္ကသိုလ်ဝင်ခွင့်တွေကို ကြေညာ ခေါ်ယူတာပါ။ သင်ကြားပေးမယ့် သင်ကြားရေး ဆရာ ဆရာမတွေဟာ ပြည်သူ့ဘက်တော်သားတွေ ဖြစ်ပါတယ်။ CDM ဆရာ ဆရာမတွေ အပြင် ပြည်သူ့ဘက်တော်သား ပညာရှင်တွေ ၊ တတ်သိပညာရှင်တွေ ကနေ သင်ကြားပေးနိုင်ဖို့ စုဖွဲ့ ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ သင်ကြားရေး ရင်းမြစ် အင်အားတွေကို သက်ဆိုင်ရာ ပညာရပ်အလိုက် စုဖွဲ့ ပြင်ဆင် သင်ကြားပေးသွားကြမှာပါ” ဟု ၎င်းကဆိုသည်။

သင်ရိုးများကို   စနစ်သစ်ပညာရေးနှင့် လိုက်လျောညီတွေဖြစ်အောင်  ပြုပြင်ပြောင်းလဲထားပြီး  အွန်လိုင်းမှတဆင့် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသားများ၏ အချက်အလက်များကို ပြင်ပသို့ ေပါက်ကြားခြင်းမရှိစေရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ထားသည့် Myanmar Education System Portal တွင် ဒေတာများကို လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် တာဝန်ရှိသူအချို့သာ အချက်အလက်များကို သိရှိမည်ဖြစ်ကြောင်း NUGပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

"ပြည်သူ့ဘက်တော်သား CDM ကျောင်းသားများကိုသာ ရည်ရွယ်ခေါ်ယူပါသည် "ဟု ၎င်းကဆိုသည်။
 ပထမနှစ်ဝင်ခွင့်လျှောက်ထားမှုကို ၂၀၂၀ ခုနှစ်နှင့် ယင်းမတိုင်မီ အခြေခံပညာ အထက်တန်းအောင်မြင်ထားသည့် ကျောင်းသားကျောင်းသူများ၊ နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်သူများ (E.g, IGCSE, GED, SAT,…)၊ တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့်  အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၊ NUG၏ အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲအောင်မြင်ထားသူများ၊ နယ်စပ်ဒေသရှိ ပညာရေးအစီအစဉ်များတွင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ထားသည့် ကျောင်းသားကျောင်းသူများနှင့် ဝင်ခွင့်သတ်မှတ်ချက်နှင့် ကိုက်ညီသူများလျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

လျှောက်ထားနိုင်သည့် တက္ကသိုလ်များတွင် မြန်မာ့နွေဦးတက္ကသိုလ်၊ ၀န်ဇင်းတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နွေဦးဆရာအတတ်ပညာတက္ကသိုလ်၊ သင်ကြားရေးအအတတ်ပညာတက္ကသိုလ်၊ထားဝယ်နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)(၂)ရန်ကုန်၊ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်ရန်ကုန်နှင့်သူနာပြုတက္ကသိုလ် မန္တလေးတို့ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ရရှိသူများအနေဖြင့် ပထမနှစ်ဝက်ကို လာမည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် စတင်တက်ရောက်ရမည်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ရှိကျောင်းများကဲ့သို့ပင် ပညာသင်နှစ်တခုလျှင် ကာလနှစ်ခုသင်ကြားမည်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required