နယ်မြေအတွင်း စစ်ရေးကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မည်ဟု "ဝ" ထုတ်ပြန်

By ရွှေနွယ်၊ မိုးသောက် (မဇ္ဈိမ)
01 November 2023
နယ်မြေအတွင်း စစ်ရေးကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မည်ဟု "ဝ" ထုတ်ပြန်

"ဝ" ပြည်၏ လေပိုင်နက်နှင့် နယ်မြေအတွင်းသို့  စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးကို ကာကွယ်သွားမည်ဟု "ဝ" ပြည်နယ်ပြင်ပဆက်ဆံရေးဌာနကထုတ်ပြန်ကြေညာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်နေစဉ် ယနေ့ နိုဝင်ဘာ ၁ ရက်နေ့တွင် အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။

"ဝ" ပြည်၏ လေပိုင်နက်နှင့်နယ်မြေအတွင်းသို့  စစ်ရေးကျုးကျော်မှုများ ဖြစ်ပေါ်လာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေလုံခြုံရေး၊ အရပ်သားနှင့်"၀"တပ်ဖွဲ့ဝင်များအား  ကာကွယ်သွားမည်ဟု ထုတ်ပြန်ထားခြင်းဟု “ဝ” ပြည်နယ်ပြင်ပဆက်ဆံရေးတာဝန်ခံ(လားရှိုး) ဦးညီရမ်း ကပြောသည်။

"၀" အနေဖြင့် ဘက်မလိုက်ရေးမူကို ကျင့်သုံးထားပြီး  လတ်တလောပဋိပက္ခဖြစ်ပွားနေသည့် အင်အားစုအားလုံးကို ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးပြီး ပစ်ခတ်မှု အမြန်ဆုံးရပ်စဲရန်လည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ အရပ်သားအများအပြားသည် “ဝ” ဒေသ၌ ခိုလှုံ နေကြပြီး အကူအညီများပေးနေကြောင်း "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ထုတ်ပြန်ထားသည်။

"ဝ" ပြည်သည် ဟိုပန်ခရိုင်နှင့် မက်မန်းခရိုင်ဟူ၍ ခရိုင်နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ဟိုပန်ခရိုင်အတွင်းတွင် မြို့နယ် ငါးခုနှင့် မက်မန်းခရိုင်အတွင်းတွင် မြို့နယ် သုံး ခုပါဝင်သည်။ "ဝ" ပြည်၏ မြို့နယ်သည် တရုတ်−မြန်မာနယ်စပ်ရှိ ပန်ဆန်းမြို့ဖြစ်သည်။ ဟိုပန်ခရိုင်နှင့် ထိစပ်နေသော ချင်းရွှေဟော်၊ ကွမ်းလုံမြို့နယ်တို့၌ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ အောက်တိုဘာလ ၂၇ရက်မှစ၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - အေးချမ်း
#Mizzima
#"ဝ" ပြည်
#နယ်မြေလုံခြုံရေး
#UWSA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required