ကျယ်ပြန့်သော ဆွေးနွေးပွဲများဆီ မြန်မာက မနီးစပ်သေးဟု အင်ဒိုနီးရှား ပြော

By Jakarta Globe
01 November 2023
ကျယ်ပြန့်သော ဆွေးနွေးပွဲများဆီ မြန်မာက မနီးစပ်သေးဟု အင်ဒိုနီးရှား ပြော
Photo-AFP

ကျယ်ပြန့်သော အမျိုးသား ဆွေးနွေးပွဲ ကျင်းပနိုင်ရေးဆီ မြန်မာနိုင်ငံက မနီးစပ်သေးဘဲ ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံက အင်္ဂါနေ့တွင် ဝန်ခံပြီး ထိုသို့သော ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အားလုံးကို တွန်းအားပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည်မှာ သုံးနှစ်နီးပါး ရှိပြီး ယင်းအချိ်နမှစကာ ပြည်သူများစွာ သေဆုံးရသည်။

ပဋိပက္ခ ငြိမ်သက်ရေးအတွက် မတူညီသော ဘက်အသီးသီးနှင့် အင်ဒိုနီးရှားက ချိတ်ဆက်ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောသည်။ ဇန်နဝါရီလ၌ အာဆီယံ၏ ဥက္ကဋ္ဌ တာဝန်ယူချိန်မှစပြီး အင်ဒိုနီးရှားသည် မြန်မာရှိ အဓိက ပုဂ္ဂိုလ်များနှင့် အကြိမ်ပေါင်း ၁၈၀ ကျော် တွေ့ဆုံဆွေးနွေးထားကြောင်း အင်ဒိုနီးရှားက ထုတ်ပြန်ထားသည်။ ယင်းသို့ ချိတ်ဆက်ဆွေးနွေးမှုသည် ကျယ်ပြန့်သော အမျိုးသား ဆွေးနွေးပွဲဆီ လမ်းကြောင်းဖွင့်ရန် ရည်ရွယ်သည်။

ချိတ်ဆက်ဆွေးနွေးသမျှတွင် မြန်မာနိုင်ငံ၏ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နှင့် စစ်အာဏာသိမ်းအုပ်စု စစ်ကောင်စီတို့ထံ ချည်းကပ်ခဲ့ကြောင်းလည်း အင်ဒိုနီးရှားက ပြောသည်။ ချိတ်ဆက်ဆွေးနွေးမှုများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ အချို့မှာ အွန်လိုင်းတွေ့ဆုံမှုများ ဖြစ်ပြီး လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်းများလည်း ရှိသကဲ့သို့ အဓိကပုဂ္ဂိုလ်များနှင့် ဖုန်းဖြင့် ပြောဆိုခြင်းများလည်း ရှိသည်။ သို့ရာတွင် တုံ့ပြန်မှုများကို အကဲဖြတ်ရခြင်းအရ မြန်မာတွင် မကြာခင်၌ ကျယ်ပြန့်သော အမျိုးသား ဆွေးနွေးပွဲများ ရှိလာရန်မှာ မဖြစ်နိုင်ဘဲ ရှိနေသည်။

“NUG နဲ့ စစ်ကောင်စီတို့ကို အဓိက ထားပြီး ကျွန်မက မေးခဲ့ပါတယ်၊ ကြိုတင်ပြဋ္ဌာန်းချက် မရှိဘဲ တွေ့ဆုံဆွေးနွေးလိုကြသလားလို့ပါ၊ ဒီမှာ ဘယ်လို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမှ ကျွန်မ မကြားရပါဘူး၊ ဒါပေမဲ့ ဒီလို ပြောလို့လည်း လမ်းကြောင်း ပိတ်နေတယ်လို့ မဆိုလိုပါဘူး”ဟု အင်္ဂါနေ့က ဂျကာတာ၌ ပြုလုပ်သည့် ၂၀၂၃ အာဆီယံ မီဒီယာဖိုရမ်၌ မာဆူဒီက ပြောသည်။

“မကြာခင်မှာ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲဆီ ရောက်ရှိလိမ့်မယ်ဆိုတာကိုတော့ ကျွန်မ အာမမခံနိုင်ပါ၊ ဒါပေမဲ့ သေချာတာတခုကတော့ ကျယ်ပြန်တဲ့ အမျိုးသား ဆွေးနွေးပွဲဆီ ရှေ့ဆက်သွားဖို့ လိုအပ်တယ်ဆိုတာပါပဲ”ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ရှိသည်မှာ နှစ်လတာ ကျန်တော့ပြီး ၂၀၂၄ တွင် လာအိုထံသို့ တာဝန်လွှဲပြောင်းပေးရမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required