ကွမ်းလုံမှ ခလရ (၁၄၃) တပ်ရင်းလိုက် လက်နက်ချ

By ဂျူချန်း၊ ရွှေနွယ်(မဇ္ဈိမ)
01 November 2023
ကွမ်းလုံမှ ခလရ (၁၄၃) တပ်ရင်းလိုက် လက်နက်ချ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်ရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (၁၄၃) တပ်ရင်းမှ လူဦးရေ ၄၁ ဦးသည် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်လာကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA မှ ယနေ့နံနက်တွင်ထုတ်ပြန်သည်။

အလင်းဝင်သူများအတွင်း  ဒု-တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂  ဦးလည်းပါဝင်ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်နေ့ညပိုင်းတွင် အလင်းဝင်ရန်စတင်တောင်းဆိုလာခြင်းဖြစ်ပြီး ၃၀ ရက်နေ့တွင် လက်နက်ချအလင်းဝင်လာခြင်းဖြစ်သည်။

MNDAA မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးအား တစ်ဦးလျှင် လမ်းစရိတ် ၁၅၀၀၀၀ သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

“ ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်းတရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ဖော်ပြပြောဆိုကြောင်းလည်း MNDAA ၏ ထုတ်ပြန်ချက်အတွင်းဖော်ပြထားသည်။

အဆိုပါ ခလရ (၁၄၃) တပ်ရင်းမှ ရိုင်ဖယ် ၂၇ လက်၊ စက်လက်ကြီး ၂ လက်၊ RPG ၂ လက် နှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီနဲ့ပူးပေါင်းပြီး နိုင်ငံတော်ကို ဒုက္ခပေးတဲ့ လုပ်ဆောင်ချက်ကနေ ရပ်ဆိုင်းပြီးတော့မှ မိမိတို့ဘက်ကို ပူးပေါင်းလာပေးကြပါလို့ပဲ ပြောလိုပါတယ်” ဟု MNDAA ပြောခွင့်ရ ဦးကျော်နိုင် (ခေါ်) လီကျားဝေ မှ မဇ္ဈိမ ကိုပြောသည်။

စစ်ဆင်ရေး ၁၀၂၇ Operation 1027 ကို စတင်ကြောင်းကြေငြာပြီး ငါးရက်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၈၀ ကျော်ကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ သီန္နီနှင့် ဖောင်းဆိုင်မြို့တို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော် အလင်းဝင်လာခဲ့ကြောင်း ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးရို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှီဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောင်ပံ့ပေးသွားမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် “စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်” တွင် တိုက်တွန်းထားသည်။

ရုပ်သံအညွှန်း − ခလရ(၁၄၃) မှ သိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ (The Kokang)

ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtube.com/shorts/qK14PaDqjCY

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly