ပန်ဆိုင်းရဲစခန်း ညီနောင်မဟာမိတ်များထိန်းချုပ်ထား စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ ပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်

By ရွှေနွယ်၊ ဂျူချန်း (မဇ္ဈိမ)
01 November 2023
ပန်ဆိုင်းရဲစခန်း ညီနောင်မဟာမိတ်များထိန်းချုပ်ထား စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ ပစ်ခတ်မှုကြောင့် အရပ်သားများထိခိုက်
ပုံအညွှန်း- ပန်းဆိုင်မြို့ ရဲစခန်း တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်−မြန်မာ နယ်စပ် ပန်ဆိုင်းမြို့ရှိ ရဲစခန်းအား မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ညီနောင်မဟာမိတ်များမှ ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့ ညကပင် ထိန်းချုပ်ထားနိုင်ပြီး လက်ရှိတွင် မြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ၏ ရမ်းသန်းပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲမှုများကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရထားသည်ဟု ပန်ဆိုင်းမြို့ခံများကပြောသည်။

"ခုလောလောဆယ် ရဲစခန်းမှာ မဟာမိတ်တပ်တွေ နေနေတယ်။ အဲ့ဒါကို သူတို့(စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်) ရှုံးမဲ မဲပြီး လိုက်ပစ်နေတာ" ဟု ပန်ဆိုင်းမြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ပန်ဆိုင်းရဲစခန်းမှာ မီးလောင်ပျက်စီးသွားပြီး စခန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲများ ထွက်ပြေးသွားကြပြီဖြစ်ကြောင်းလည်း ပန်ဆိုင်းဒေသခံက ပြောသည်။

"ဒီမနက် လေကြောင်းလာ ဗုံးလာကြဲတာ စျေးဘက်ကိုကျတယ်။ အထိအခိုက်မသိရသေးဘူး။ ညီမတို့ အိမ်နောက်က အိမ်လည်းလက်နက်ကြီးကျတယ်” ဟု အဆိုပါ ပန်ဆိုင်းဒေသခံက ပြောသည်။

လက်ရှိတွင် ပန်ဆိုင်းမြို့ပေါ်၌ ညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

ပန်ဆိုင်းမြို့ပေါ်ရှိ ထိခိုက်ဒဏ်ရာရရှိထားသူ အရပ်သားအချို့မှာ ဝမ်တိန်မြို့ဘက်သို့ ဆေးကုသရန် သွားရောက်နေကြကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သားအရေအတွက်ကိုမူ အတိအကျမသိရသေးကြောင်းလည်း ပန်ဆိုင်းဒေသခံက ပြောသည်။

"ပန်ဆိုင်းမြို့က တကယ်ဆို မြို့ကသေးသေးလေးပါ၊ စကစတွေက ရမ်းပစ်တော့ ပြည်သူတွေကိုထိကုန်တာ။ အများကြီးတော့ မပြောချင်ပါဘူး၊ သူတို့လုပ်ရပ်တွေက အဓိကက ပြည်သူတွေပဲ ကြားက မြေဇာပင်ခံရတာမလို့ အမြန်ဆုံး အခုလို လုပ်နေတာကို ရပ်တန်းကရပ်ပေးဖို့ပါပဲ” ဟု ပန်ဆိုင်းမြို့ ဒေသခံက ပြောသည်။

လက်ရှိတွင် ပန်ဆိုင်းမြို့၌ တယ်လီဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြုံတွေ့နေရပြီး ယမန်နေ့ညဘက်ကလည်း ပြည်သူ့စစ်များမှ နေအိမ်များ မီးပိတ်အိပ်ရန်ပြောဆိုသည့်အတွက် မီးအမှောင်ချနေခဲ့ရကြောင်းလည်း ဒေသခံက ဆိုသည်။

ပန်ဆိုင်းမြို့သည် တရုတ်−မြန်မာနယ်စပ်မျဉ်းပေါ်ရှိ မြို့တမြို့ဖြစ်သည်။
"Operation 1027" စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ တရုတ်−မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ချင်းရွှေဟော်မြို့နှင့် ဖောင်းဆိုင်မြို့တို့ကို ညီနောင်မဟာမိတ်များမှ ထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required