ကျယ်ဂေါင်နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်း စစ်အင်အားပြကင်းလှည့်

By ရွှေနွယ်(မဇ္ဈိမ)
01 November 2023
ကျယ်ဂေါင်နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်း စစ်အင်အားပြကင်းလှည့်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ်−မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် ကျယ်ဂေါင်ဂိတ် တရုတ်ဘက်ခြမ်းတွင် ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့က စစ်အင်အားပြ လှည့်ကင်းများ လှည့်ပတ်နေသည်ကို တွေ့ရှိရကြောင်း မူဆယ်မြို့ဒေသခံများထံမှသိရသည်။

တရုတ်နိုင်ငံဘက်ခြမ်း ဝူကျင်း(ဒေသအခေါ်) နယ်ခြားစောင့်တပ်မှ အင်အားပြ ကင်းလှည့်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အင်အားကတော့ ပုံမှန်ရှိပြီးသားအင်အားပါပဲ။ ပုံမှန်မှာလည်း စစ်ရေးနိုင်ငံရေးကြောင့် ကင်းလှည့်တာမျိုးရှိပါတယ်။ ပုံမှန်လှည့်တာမျိုးမှာတော့ ဒီလောက်အင်အားမသုံးဘူး။ မနေ့က သူတို့လှည့်နေကြတာ ခြောက်စီးရှိပါတယ်" ဟု မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်က မဇ္ဈိမကိုပြောသည်။

ထိုသို့ တရုတ်နိုင်ငံဘက်ခြမ်းမှ စစ်အင်အားပြကင်းလှည့်နေခြင်းသည် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားပြင်းထန်နေသော တိုက်ပွဲများကြားမှ စစ်ရှောင်ပြည်သူများ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်မှ ပြောသည်။

“တရုတ်ကတော့ မြန်မာပြည်ထဲက စစ်ရေးပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာတဲ့ တရုတ်ပြည်ကိုလာရောက်ခိုလှုံတဲ့လူတွေကို ဝင်ရောက်မလာနိုင်အောင် သူ့အနေနဲ့အတားအဆီးတွေ အမြဲတမ်းချမှတ်လေ့ရှိပါတယ်။ အခုလည်း အဲ့လိုချမှတ်နေတာပါ” ဟု ဦးသန်းစိုးနိုင်မှ ပြောသည်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် ထွက်ပြေးခိုလှုံလာသူများကို တရုတ်နိုင်ငံမှ ကြိုဆိုလက်ခံသည့် အစဉ်အလာမရှိခဲ့ကြောင်း၊ မလွှဲမရှောင်သာသည့်အခါမျိုးတွင်မှ ယာယီလက်ခံခြင်းသာဖြစ်ကြောင်းနှင့် ထိုသို့လက်ခံရာတွင်လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဒုက္ခသည်များကို လက်ခံခြင်းမဟုတ်ကြောင်း ဦးသန်းစိုးနိုင်မှပြောသည်။

ချင်းရွှေဟော်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲများပြင်းထန်နေစဉ်တွင် မြို့ခံအချို့အား မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်နိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်များအရသိရသည်။

"ပုံမှန်အားဖြင့် ချင်းရွှေဟော်ပြည်သူတွေက ဂိတ်ကနေဖြတ်ပြီးတော့ တရုတ်ပြည်ထဲမှာ ခုနစ်ရက်နေထိုင်ခွင့်ပေးပါတယ်။ အဲ့ဒီလုပ်ထုံးလုပ်နည်းကို မဖျက်သေးဘဲနဲ့ ပြည်သူတချို့ကို ဝင်ခွင့်ပေးတာပါ။ ဒါပေမယ့် တချိန်တည်းမှာ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတယောက်ကို ၁,၅၀၀ ပေးမှ တရုတ်ပြည်ထဲကို ဝင်ရောက်ခွင့်ပေးတာဖြစ်ပါတယ်။ သူတို့ကို စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ တရုတ်ပြည်က တရားဝင်ကြိုဆိုလက်ခံတာမျိုးမဟုတ်ပါဘူး" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၁ ရက်နေ့တွင်မူ  မူဆယ်မြို့အတွင်း၌ ပုံမှန်အခြေအနေအတိုင်းသာ အသွားအလာရှိနေပြီး စျေးဆိုင်အချို့မှာ စိုးရိမ်စိတ်ကြောင့် ပိတ်ထားသည်ကိုလည်း တွေ့ရကြောင်း မူဆယ်ဒေသခံများထံမှသိရသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ "Operation 1027" ကို စတင်လိုက်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ တရုတ်−မြန်မာနယ်စပ်မျဉ်းပေါ်ရှိ ချင်းရွှေဟော်မြို့နှင့် ဖောင်းဆိုင်မြို့တို့ကို ညီနောင်မဟာမိတ်များမှ အောင်မြင်စွာသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း "Operation 1027" စစ်ဆင်ရေး သတင်းစာမျက်နှာနှင့်အတူ MNDAA တို့မှ တရားဝင်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly