ပြင်ဦးလွင်နှင့် နောင်ချိုနယ်စပ်၌ တိုက်ပွဲပြင်းထန်၊ ပြင်ဦးလွင်ပတ်ချာလည်၌ စစ်ကောင်စီအင်အားထောင်ချီကင်းချထား

By ရွှေနွယ်(မဇ္ဈိမ)
01 November 2023
ပြင်ဦးလွင်နှင့် နောင်ချိုနယ်စပ်၌ တိုက်ပွဲပြင်းထန်၊ ပြင်ဦးလွင်ပတ်ချာလည်၌ စစ်ကောင်စီအင်အားထောင်ချီကင်းချထား
ပုံအညွှန်း - ယနေ့နံနက်ပြင်ဦးလွင်မြို့အနီးတွင်တွေ့ရသည့်စစ်ကောင်စီယာဥ်တန်း Photo - Telegram

ပြင်ဦးလွင်မြို့အနီး ဆမ်ဆယ်ရွာတွင်တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသလို ကားအစီးရေရာချီဖြင့် အင်အားဖြည့်တင်းနေပြီးတပ်ဖွဲ့ဝင်အင်အား ထောင်နှင့်ချီ၍ ကင်းချထားကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

 

ပြင်ဦးလွင်မြို့မှ ၂၅ မိုင်ခန့်အကွာတွင်တည်ရှိသည့် ဆမ်ဆယ်ရွာ၌ ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေခြင်းဟု မဇ္ဈိမ၏ သတင်းရင်းမြစ်ကပြောသည်။ အဆိုပါရွာသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲဖော်ဆောင်နေသည့် နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့ကြားတွင်တည်ရှိသည်။

" တိုက်ပွဲဖြစ်နေတာ နည်းနည်းလေးမဟုတ်ဘူး။ အကြီးအကျယ်ပဲ" ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် အထက်ပါ သတင်းရင်းမြစ်က ယနေ့ မွန်းလွဲ ၁နာရီ ၃၇ မိနစ်တွင်ပြောသည်။

" ချနေတာ။  အခုချနေတုန်း။ ၁၁ နာရီလောက်နေစချနေတာ" ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အုမ္မခါးကျေးရွာနှင့် ဆမ်ဆယ်ကျေးရွာဘက်သို့ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေ့လယ် ၁၂နာရီခန့်တွင်သတင်းထုတ်ပြန်ထားသည်။

တချိန်တည်းတွင်  အစီးရေ ၁၀၀ ကျော်ပါရှိသော  စစ်‌ကောင်စီယာဉ်တန်းသည် ပြင်ဦးလွင်မြို့ကိုဖြတ်ကာ ဆမ်ဆယ်ရွာဘက်သို့ သွားရောက်နေကြောင်း ဒေသခံများကပြောသည်။

" စစ်လက်နက်ပစ္စည်းတွေ စစ်သားတွေအများအပြားနဲ့နောင်ချိုဘက်ကိုသယ်သွားပြီးတော့မှ နောင်ချိုကိုလည်းမဝင်ဘူး။  ဘန့်ဘွေးရွာအကျော်လေးမှာ ရေဝင်ဆိုတာရှိတယ်။  အဲ့ဒီရေဝင်ရွာနားမှာ အထိုင်ချပြီးတော့ပစ်နေတာ" ဟု ဒေသခံတဦးကပြောသည်။

ဆမ်ဆယ်ရွာနှင့် ရေဝင်ရွာသည် လေးမိုင်ခန့်သာ ဝေးသည်။လက်ရှိတွင် နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့နယ်စပ်နေရာများ၌ စစ်ရေးတင်းမာနေပြီး စစ်တက္ကသိုလ်များ အခြေစိုက်ရာပြင်ဦးလွင်မြို့တိုက်ခိုက်ခံရမည့်အခြေအနေကို စစ်ကောင်စီက  စိုးရိမ်နေသည်ဟု မြို့ခံများက သုံးသပ်သည်။

" စစ်ကားတွေအများကြီးနဲ့ ပြင်ဦးလွင်ကိုဝိုင်းထားတာပေါ့။ အစုံပဲ။ ပျူစောထီးတွေ၊ ဘာတွေရောညာတွေရောကို နည်းတာမဟုတ်ဘူး" ဟု ပြင်ဦးလွင်မြို့ ဒေသခံက မဇ္ဈိမကိုပြောသည်။

ပြင်ဦးလွင်မြို့၏ ၁၀ မိုင်ခန့်ပတ်ချာလည်နေရာတိုင်းတွင် စစ်ကောင်စီတပ်သားများရှိနေကြောင်းနှင့် ဝက်ဝံရွာ(ပိတ်ချင်းမြောင်) တွင်လည်း စစ်အင်အားအများအပြားရှိနေကြာင်း သိရသည်။  လက်ရှိတိုက်ပွဲဖြစ်နေသည့် ဆမ်ဆယ်ရွာအပြင် ယင်းနေရာအနီးရှိ သုံးဆယ်၊ သံဘိုကျေးရွာတို့တွင်လည်း စစ်‌ ကောင်စီက အင်အားအများအပြားချထားကြောင်း သိရသည်။

နောင်ချိုမြို့အတွင်းရှိ သံဘိုကျေးရွာမှစစ်ကောင်စီတပ်စခန်းကို TNLAနှင့်မန္တလေး PDF နှင့် ပူးပေါင်းတပ်ဖွဲ့က  အောက်တိုဘာ ၂၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကို အောက်တိုဘာ ၂၈ ရက်နေ့တွင် အတည်ပြုထားသည်။ ထို့အပြင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ဂုတ်တွင်းတံတားကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိန်းချုပ်ထားဆဲဟု  ဒေသခံများကပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို TNLA နှင့်အတူ  မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်ခဲ့ပြီး ယနေ့သည် စစ်ဆင်‌ရေးခြောက်ရက်မြောက်ဖြစ်သည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly