တိဗက်စာသင်ကျောင်းများတွင် တိဗက်ဘာသာစကား ချောင်ထိုးခံလာရ

By Tibet Press
01 November 2023
တိဗက်စာသင်ကျောင်းများတွင် တိဗက်ဘာသာစကား ချောင်ထိုးခံလာရ

တရုတ်နိုင်ငံသည် တိဗက်လူမျိုးများနေထိုင်သော ဒေသနှစ်ခုရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် တိဗက်ဘာသာစကား သင်ကြားခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်ထားကာ  မန်ဒရင်းဘာသာဖြင့်သာ သင်ကြားပို့ချရန် ပြဋ္ဌာန်းထားကြောင်း RFA  က အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အသစ်အဆန်းမဟုတ်သလို ၁၉၆၀ ပြည့်လွန်နှစ်လွန်များ၌ စတင်ခဲ့သော တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) အား တရုတ်လက္ခဏာအသွင်ပြောင်းသည့် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ထိုအရွေ့သည် စီရင်စုနှစ်ခုတွင် တိဗက်ဘာသာစကားကို ဆိတ်သုဉ်းသွားစေနိုင်ပြီး တိဗက်ဒေသတစ်လျှောက် ဘာသာစကားရှင်သန်မှုကို အန္တရာယ်ဖြစ်စေနိုင်သည်။

တရုတ်အစိုးရသည်  ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဆောင်းရာသီပညာသင်နှစ်ဝက်မှစ၍ စီချွမ်ပြည်နယ်ရှိ ကာဇီနှင့် ဂါဘာတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများရှိ အစိုးရပိုင်ကျောင်းများတွင် တိဗက်ဘာသာစကားဖြင့် သင်ကြားမှုကို ပိတ်ပင်ရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။ အဆိုပါတားမြစ်ချက်သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးတွင် မန်ဒရင်းဘာသာကို မသင်မနေရဖြစ်စေရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) မှ အစပြုခဲ့သော မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
တိဗက်စီရင်စုနှစ်ခုတွင် လက်ရှိအလယ်တန်းကျောင်းသားများသည် နောက်ထပ် ၂ နှစ်အထိ တိဗက်ဘာသာဖြင့် စာသင်ကြားနိုင်သည်ဟု ဖော်ပြထားသော်လည်း ၂၀၂၅ မှစတင်၍ အတန်းအားလုံးကို မန်ဒရင်းဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။

ဒေသတွင်းရှိ အစိုးရပိုင်ကျောင်းများသည် ယခင်က ကျောင်းသားများအား တိဗက်ဘာသာစကားအတန်းများနှင့် သင်္ချာ၊ သိပ္ပံ၊ ရူပဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် လူမှုရေးဘာသာရပ်များအပါအဝင် ဘာသာရပ်များကို သင်ကြားပေးခဲ့သလို မန်ဒရင်းဘာသာစကားအတန်းကိုလည်း ထည့်သွင်းထားခဲ့သည်။ တရုတ်အစိုးရက ယခုအခါ ဂါဘာစီရင်စုတွင်ပါသော ခရိုင် ၁၂ ခုစလုံးတွင် ကျောင်းဘာသာရပ်အားလုံးကို မန်ဒရင်းဘာသာစကားဖြင့် သင်ကြားရန် ညွှန်ကြားထားသည်။

လူနည်းစုများအား ၎င်းတို့ဒေသများတွင် ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုခွင့်ပေးရန် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း အဆိုပါပိတ်ပင်မှုသည် တရုတ်နိုင်ငံရှိ ဝီဂါ၊ တိဗက်များနှင့် အခြားလူနည်းစုများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ကန့်သတ်ထားသည့် တရုတ်၏ ချဲ့ထွင်လာသော တရုတ်လက္ခဏာအသွင်ပြောင်းခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တရုတ်အစိုးရသည် တိဗက်ကျောင်းများတွင် မန်ဒရင်းဘာသာစကား လွှမ်းမိုးစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်ဟု လူအခွင့်အရေးအဖွဲ့ (HRW) ၏ ၂၀၂၀ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသန္တရအာဏာပိုင်များက စာသင်နှစ်သစ်အစတွင် စည်းမျဉ်းသစ်ကို စတင်အကောင်အထည်ဖော်ရန် ဆရာများနှင့် မိဘများအား နှုတ်ဖြင့် အကြောင်းကြားပြီးနောက် တိဗက်စီရင်စုနှစ်ခုတွင် တိဗက်ဘာသာြဖင့် သင်ကြားမှုအား တားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂသည် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က  ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ၃၈ ကြိမ်မြောက် လူ့အခွင့်အရေး ဆွေးနွေးပွဲတွင် တိဗက်လူနည်းစုများအပေါ်  တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ယဉ်ကျေးမှုဆိုင်ရာယှဉ်တွဲတည်ရှိမှုကိုနှိပ်ကွပ်ခြင်း၊ အခြေခံလွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကို ကန့်သတ်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လုပ်ငန်းစဉ်ဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်ခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုမရှိခြင်းတို့အပေါ်   စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တိဗက်၏ ကိုယ်ပိုင်လက္ခဏာနှင့် ယဉ်ကျေးမှု တဖြည်းဖြည်းယိုယွင်းလာသည်ကိုလည်း ကမ္ဘာ့နိုင်ငံများက သဘောပေါက်လာကြပြီဖြစ်သည်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင့်သုံးသော တရုတ်နိုင်ငံ၏ ပညာရေးမူဝါဒသည် တိဗက်တိုင်းရင်းသားများအား မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့်ကို လျှော့ချသည့် သိသာထင်ရှားသော စီမံချက်တစ်ခုဖြစ်ကြော်ငး HRW အစီရင်ခံစာက သုံးသပ်ပြထားသည်။

ဘာသာစကားနှစ်မျိုးပညာရေးဟုခေါ်သော တရုတ်အစိုးရမူဝါဒသည် လက်တွေ့တွင် ဒေသတွင်းရှိ မူလတန်းကျောင်းများ၌  တိဗက်ဘာသာစကားနေရာတွင် တရုတ်ဘာသာအား ကြားခံသင်ကြားပို့ချသည့် ဘာသာစကားအဖြစ် တဖြည်းဖြည်း အစားထိုးလာခြင်းဖြစ်ပြီး ရေရှည်တွင် တိဗက်ဘာသာစကား ပျောက်ကွယ်သွားမည့် အရိပ်လက္ခဏာပင်ဖြစ်သည်ဟု HRW အစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required