လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြော

လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြော

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော် ကားလမ်းကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီရဲ့ ကန်တော်ယန် လုံခြုံရေးစခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ အင်အား အလုံးအရင်းနဲ့ လာတိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေက နိုဝင်ဘာ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

KIA နဲ့ပူးပေါင်းအဖွဲ့က  မြစ်ကြီးနား-ဗန်းမော်သွား ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခုလို တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ အရာရှိ/စစ်သည်အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး အကြိမ်ကြိမ် ကမ်းလှမ်းပြီး သည်းခံခဲ့ပေမယ့် KIA နဲ့ ပူးပေါင်းအင်အားစုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးလှုပ်ရှားမှုတွေနဲ့ အချိန်ကိုက် အခွင့်အရေးယူပြီး သာလွန်အင်အားနဲ့ လာတိုက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါကြောင့် KIA ရဲ့ လက်နက်ထုတ်လုပ်တဲ့နေရာ၊ ခဲယမ်းနဲ့ မိုင်းထုတ်လုပ်တဲ့နေရာ၊ သိုလှောင်တဲ့နေရာတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘယ်လိုပုံစံ လက်တုံ့ပြန်ခဲ့သလဲဆိုတာကို အတိအကျ ရေးမထားပါဘူး။

စစ်ကောင်စီရဲ့ ကန်တော်ယန်စခန်းကို သိမ်းလိုက်ပြီးနောက်မှာ စစ်ကောင်စီက လိုင်ဇာအနီးတစ်ဝိုက်ကို လေကြောင်းနဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်နေတာပြီး လူထိခိုက်မှု အချိုရှိတယ်လို့ သတင်းရင်းမြစ် အချို့က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် လိုင်ဇာမြို့က အရပ်သားတွေ တရုတ်နယ်စပ် ခြံစည်းရိုး အနီးမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ KIA ကို လက်တုံ့ပြန်တဲ့နေရာမှာ လိုင်ဇာဟာ တရုတ်-မြန်မာ နယ်စပ်အနီးမှာ တည်ရှိတာကြောင့် တရုတ်နိုင်ငံကို ကြိုတင် အသိပေးခဲ့သလို တိုက်ခိုက်မှုတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ နေပြည်တော်ကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ လုံခြုံရေးဝန်ကြီး ဝမ်ချောက်ဟုန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက တွေ့ဆုံပြီး နိုင်ငံအရှေ့မြောက်ပိုင်းက တိုက်ခိုက်မှုတွေနဲ့ အွန်လိုင်း လောင်းကစားကိစ္စတွေ အပါအဝင် လုံခြုံရေးနဲ့ ဥပဒေရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။

မြန်မာဟာ တရုတ်အတွက် ယုံကြည်စိတ်ချရတဲ့ နိုင်‌ငံဖြစ်သလို တရုတ်ဟာလည်း မြန်မာအတွက် ယုံကြည်စိတ်ချရတဲ့ နိုင်ငံဖြစ်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လကစလို့ လိုင်ဇာအနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လိုင်ဇာကို လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required