စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်

စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကြည်းကြောင်း၊လေကြောင်းတွေက စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုတွေ ရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမှာဖြစ်တယ်လို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)က နိုဝင်ဘာ ၁ ရက် နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) က တရုတ်ဘာသာနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့  အင်အားစုအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြပြီး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

၀ တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး ကိုးကန့်ဒေသက လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်မှာမဟုတ်သလို ၀ ဒေသအတွင်း စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်လာတာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် "ဝ" တပ်ဖွဲ့အနေနဲ့ ပြည်နယ်လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝ ကာကွယ်သွားမှာဖြစ်ပြီး၊ "ဝ" နယ်မြေကို လေကြောင်း၊ ကြည်းကြောင်းကနေ စစ်ရေးအရ ကျူးကျော်လာရင် တုံ့ပြန်တိုက်ထုတ်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ၀ ဒေသအတွင်း ဝင်ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးထားတယ်လို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ တိုက်ပွဲတွေစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်မြို့အနီးက ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲကြောင့် ချင်းရွှေ ဟော်မြို့ခံ တစ်သောင်းနီးပါး UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်မြို့ မှာဒီနေ့အထိ တိမ်းရှောင်နေရတယ်လို့ ၀ တပ်ဖွဲ့ အရာရှိကပြောကြားထားပါတယ်။

တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ/ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (PSC/NDAA) ကလည်း စစ်ပွဲမှာ ၎င်းတို့အဖွဲ့ “ဝင်ရောက် ပါဝင်ခြင်း၊ စွက်ဖက်ခြင်းတို့ ပြုမည်မဟုတ်ပါ”လို့ ထုတ်ပြန်ထားပါတယ်။

ယခု စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ရက္ခိုင် (AA)တပ်တွေဟာ UWSA ဦးဆောင်တဲ့  ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိတွေကလည်း ရှမ်းမြောက်ဒေသမှာ အပစ်ရပဖို့ စစ်ဆင်ရေးအစပြုတဲ့ နေ့မှစပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲတွေမှာ တိုက်တွန်းပြောကြားနေတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေး စတင်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ၃၁ ရက်အထိ ၅ ရက်တာအတွင်း စစ်ကောင်စီ တပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required