အစ္စရေး ထိုးစစ် ရပ်သည့်အခါ ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကတိပေး

By Bangkok Post
01 November 2023
အစ္စရေး ထိုးစစ် ရပ်သည့်အခါ ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကတိပေး
2023 ခုနှစ် အောက်တိုဘာလ 21 ရက်နေ့တွင် လက်ဘနွန်နယ်စပ်ရှိ Merkava တင့်ကားတစ်စီးအနီးတွင် အစ္စရေးစစ်သားများ မတ်တပ်ရပ်နေစဉ် (Jalaa MAREY / AFP)

ဓားစာခံများကို ဖမ်းဆီးထားရာ ဂါဇာကမ်းမြောင်ဆီ ထိုးစစ်ဆင်ခြင်းအား အစ္စရေးက ရပ်တန့်သည့် အချိန်၌ အစ္စရေးမှ ဖမ်းဆီးထားသော ထိုင်းဓားစာခံများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကိုယ်စားလှယ်များက ထိုင်းစေ့စပ်ညှိနှိုင်းသူများကို ကတိပေးကြောင်း ထိုင်းမွတ်စလင်ခေါင်းဆောင်တဦးအရ သိရသည်။

လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမတ်နော်မတ်သာ ခန့်အပ်သော စေ့စပ်ညှိနှိုင်းသူများနှင့် ဟားမတ်စ် ကိုယ်စားလှယ်များသည် အီရန် သမ္မတ အကြံပေး၏ ရုံးခန်း၌ တွေ့ဆုံဆွေးနွေးကြရာတွင် အထက်ပါ ကတိကို ပေးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှီယိုက်မွတ်စလင်အသင်း အကြီးအကဲ ဆိုင်ယက်ဆူလိုင်မန်ဟူဆိုင်နီက ပြောသည်။

ထိုင်းစေ့စပ်ညှိနှိုင်းရေးအဖွဲ့တွင် လွှတ်တော်ဥက္ကဋ္ဌ၏ အကြံပေး အာရီပန်းလည်း ပါဝင်ပြီး ပြီးခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့၌ တီဟီရန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို ၎င်းက နောက်ပိုင်း၌ အတည်ပြုသည်။

အစ္စရေးက ၎င်း၏ ထိုးစစ်ကို ရပ်တန့်ခြင်း သို့မဟုတ် အပစ်ရပ် သဘောတူသည့်အခါ ဂါဇာကမ်းမြောင်၌ ဖမ်းဆီးထားသော ထိုင်းဓားစာခံများကို ပြန်လွှတ်ပေးရန် ဟားမတ်စ်တို့က သဘောတူခဲ့ကြောင်း ဆိုင်ယက်ဆူလိုင်မန်အရ သိရသည်။ ယင်းအချိန် မတိုင်ခင် ဂါဇာမှ ထွက်ခွာမည့် ဓားစာခံများအတွက် ဘေးကင်းလုံခြုံမှု ရှိမည် မဟုတ်ပေ။

ထိုင်းနိုင်ငံသား ၁၉ ဦးကို ဓားစာခံ ဖမ်းဆီးထားသည်ဟု ဟားမတ်စ်တို့က အတည်ပြုကြောင်း ၎င်းက ပြောသည်။ အားလုံးသည် ဘေးကင်းပြီး ကျန်းကျန်းမာမာ ရှိသည်ဟု သိရသည်။

ဓားစာခံ ဖမ်းဆီးခံထားရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားသော အခြား ထိုင်းသုံးဦးနှင့် ပတ်သက်ပြီး ဟားမတ်စ်က အတည်မပြုကြောင်း ၎င်းက ဆိုသည်။

ဖြစ်နိုင်သော တခုတည်းသော ကယ်ထုတ်ရေး လမ်းကြောင်းမှာ ဂါဇာကမ်းမြောင်မှ တောင်ဘက်အဝေးရှိ အီဂျစ်နှင့် နယ်စပ် ရာဖာနယ်စပ်အရပ်ပဲ ဖြစ်သည်ဟု ဆိုင်ယက်ဆူလိုင်မန်အရ သိရသည်။ ထိုအတွက် ထိုင်းအစိုးရအနေဖြင့် အီဂျစ်၏ ခွင့်ပြုချက်နှင့် အကူအညီ ရရန် ကြိုးစားသင့်သည်ဟု ၎င်းက ဆိုသည်။

အာရီပန်းကလည်း ဗုဒ္ဓဟူးနေ့၌ လွှတ်တော်တွင် ပြောဆိုရာ၌ ၎င်းတို့ အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့က ဟားမတ်စ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ထိုင်း ဓားစာခံများကို ကောင်းကောင်းမွန်မွန် ထားရှိထားပြီး ဟားမတ်စ်တို့နှင့် နေခဲ့ရသည့် အခြေအနေများကို နောက်ပိုင်းတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြောဆိုနိုင်လိမ့်မည်ဟု ဟားမတ်စ်တို့က ပြောကြောင်း ၎င်းက ဆိုသည်။

ထိုင်းဓားစာခံများကို မကြာမီ ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ်တို့က ကတိခံသော်လည်း မည်သည့်အချိန်ဆိုသည်ကို ပြောဆိုခြင်းမရှိဟုလည်း ဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required