အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံးကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်

By မဇ္ဈိမ 
01 November 2023
အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံးကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်

အလင်း၀င်ခဲ့သည့် ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံးကိုတစ်ဦးလျှင် ကျပ် ၁၅ သိန်းဖြင့် ကျပ်သိန်း ၇၀၀ ချီးမြှင့်ခဲ့‌ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

‌အောက်တိုဘာလ (၃၀) ရက်တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံ တပ်ရင်း ခလရ (၁၄၃) မှ  ဒု-တပ်ရင်းမှူး (၁) ဦးနှင့် တပ်ခွဲမှူး (၂) ဦးအပါအ၀င်စစ်သည် ၄၁ ဦး လက်နက်ချအလင်းဝင်လာခြင်းဖြစ် သည်။

အဆိုပါစခန်းတွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက တပ်ကူများကို စောင့်ဆိုင်းခဲ့‌ကြောင်း၊ အောက်တိုဘာ ၂၈ ရက် ညပိုင်းတွင် အလင်းဝင်ရန် တောင်းဆို ခဲ့‌ကြောင်း၊ အောက်တိုဘာ ၂၉ ရက် တနေ့လုံး ဆွေးနွေး ခဲ့ပြီးနောက် အလင်း၀င်လာခြင်းဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း အပါအ၀င် စုစုပေါင်း သိန်း ၇၀၀ ကျော် ‌ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်‌ကြောင်း MNDAA က ထုတ်ပြန်သည်။

အလင်း၀င်သည့် ကိစ္စမှာ ရှက်စရာကောင်းသည့် လုပ်ရက်မဟုတ်‌ ‌ကြောင်း၊ စစ်ကောင်စီမှ နိုင်ငံတော်ကိုယ်စားမပြုသကဲ့သို့ လူထုကိုလည်း ကိုယ်စားမပြုသည့် အကြမ်းဖက်အဖွဲ့သာ ဖြစ်သည်ဟု MNDAA က ဆိုသည်။

လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့ ‌နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိပြီးထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဉ်နှင့်အမျှ ဆက်တိုက်များ နေ‌ကြောင်း၊ အော်ပရေးရှင်းစတင်ချိန်မှ လက်ရှိအချိန်ထိ ညီနောင်သုံးဖွဲ့ထံ အလင်းဝင်သူ ၁၀၀ ကျော်ရှိပြီဟု MNDAA က ထုတ်ပြန်သည်။

အလင်း၀င်လာသည့် ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများမှာ ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊  စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်တို့ ဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required