မြန်မာ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ 

မြန်မာ နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ 
သဘာဝဓာတ်ငွေ့ တူးဖော်ရေး တူးစင် /Photo: Total Myanmar

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE )ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ (form of sanctions) အင်္ဂါနေ့က ချမှတ်လိုက်သော်လည်း အာဏာသိမ်း စစ်ကောင်စီ၏ ပင်မနိုင်ငံခြားဝင်ငွေအပေါ် အပြည့်အဝ ပိတ်ဆို့သော ဒဏ်ခတ်ပိတ်ဆို့မှုဆီကိုတော့ မဖော်ဆောင်ရသေးဘဲ ရှိနေဆဲ ဖြစ်သည်။ 

ရိုက်တာသတင်းဌာနက ဦးဆုံး ဖော်ပြသော ယခု ဒဏ်ခတ်ပိတ်ဆို့မှုသည် MOGE ထံသို့ အမေရိကန်နိုင်ငံသားများက ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခြင်းကို ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယခု ဒဏ်ခတ်ပိတ်ဆို့မှုသည် အမေရိကန်အနေဖြင့် MOGE အား တိုက်ရိုက်အရေးယူမှုလည်းပဲ ဖြစ်သည်။ ယခင်ကမူ MOGE မှ ခေါင်းဆောင်ပိုင်းကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်သည်။ 

ယခု ဒဏ်ခတ်ပိတ်ဆို့သော ဘဏ္ဍာရေးဝန်ဆောင်မှု ဆိုရာ၌ ချေးငွေ ချေးခြင်း၊ ဘဏ်အကောင့်ဖွင့်ပေးခြင်း၊ အာမခံပေးခြင်း၊ ရင်းနှီးမြုပ်နှံခြင်းနှင့် အခြားသော ဝန်ဆောင်မှုများ ပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

MOGE အား အမေရိကန် ဘဏ်လုပ်ငန်းစနစ်မှ ထိထိရောက်ရောက် ဖယ်ထုတ်သည့် Specially Designated Nationals စာရင်းတွင် ထည့်သွင်းခြင်း မရှိသေးသော်လည်း အမေရိကန်နိုင်ငံသားများအား MOGE နှင့် အရောင်းအဝယ် လုပ်ခြင်းအား တားမြစ်ကာ MOGE ၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုအာမခံ assets များကို ထိန်းချုပ်လိုက်ခြင်းပဲ ဖြစ်သည်။ 

မြန်မာစစ်တပ်နှင့် ဆက်စပ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသော အဖွဲ့အစည်း သုံးရပ်နှင့် လူပုဂ္ဂိုလ် ငါးဦးကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်း ဒဏ်ခတ်ပိတ်ဆို့မှုသည် ဗြိတိန်နှင့် ကနေဒါတို့နှင့် ညှိနှိုင်းဖော်ဆောင်ခြင်းပဲ ဖြစ်သည်။ 

“ဒီကနေ့ ပစ်မှတ်ထားတာကတော့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်လွှဲပြီး ဝင်ငွေရရှိနေတာမျိုးတွေကို ပိတ်ဆို့တာပဲ ဖြစ်တယ်၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံစေအောင် ဖြစ်တယ်၊ မိမိတို့အနေနဲ့ စစ်ကောင်စီဆီ လက်နက်၊ လေယာဉ်ဆီနဲ့ ဝင်ငွေ စီးဝင်တာတွေ ရပ်တန့်သွားဖို့ လက်တွေ့အရေးယူဆောင်ရွက်အောင် နိုင်ငံအားလုံးကို ဆက်လက်တွန်းအားပေးသွားမှာ ဖြစ်တယ်”ဟု သီးခြား ထုတ်ပြန်ချက်၌ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြောသည်။ 

ဗြိတိန်နိုင်ငံကလည်း စစ်ကောင်စီထံ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခြင်းနှင့် လေယာဉ်အစိတ်အပိုင်း အပါအဝင် တားမြစ်ထားသော ကုန်စည်များ ထောက်ပံ့နေခြင်းတို့တွင် ပါဝင်နေသည့် လူပုဂ္ဂိုလ် ငါးဦးနှင့် အဖွဲ့အစည်း တရပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုထဲ ထပ်မံထည့်သွင်းသည်။ ကနေဒါနိုင်ငံကလည်း မြန်မာစစ်ကောင်စီအား ထောက်ပံ့ခြင်းအတွက် လူပုဂ္ဂိုလ် ၃၉ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။ 

ယခု ကိစ္စရပ်နှင့် ပတ်သက်ကာ ထင်မြင်ချက် ပေးရန် တောင်းခံမှုကို ဝါရှင်တန်ရှိ မြန်မာသံရုံးက ချက်ချင်း မတုံ့ပြန်သေးပေ။ ရိုက်တာအနေဖြင့် MOGE ထံ ဆက်သွယ်၍ မရသေးပေ။ 

မြန်မာနိုင်ငံသည် ၂၀၂၁ စစ်အာဏာသိမ်းပြီး လူအသေအဆုံးများသော ဖြိုခွင်းမှုများနောက် နိုင်ငံအဝန်း တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ကာ အကျပ်အတည်းထဲ ကျရောက်လျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required