နယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ တရုတ်ဆွေးနွေး

By မဇ္ဈိမ 
01 November 2023
နယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ တရုတ်ဆွေးနွေး

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ တိုက်ပွဲများ ပြင်းထန်နေချိန် အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သလို နေပြည်တော်မှာလည်းတွေ့ဆုံကာ နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

တရုတ်ပြည်သူ လုံခြုံရေးဆိုင်ရာဝန်ကြီးဖြစ်သလို နိုင်ငံတော်ကောင်စီဝင် Wang Xiaohong ဟာ မြန်မာနိုင်ငံကို အောက်တိုဘာ ၃ဝ ရက်က ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသငြိမ်းချမ်းရေးအတွက် ဆွးနွေးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောက်ဟုန် နဲ့ ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ အဆင့်မြင့်အရာရှိတွေပါတဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင်နဲ့ မတွေ့မီ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြတယ်လို့  သိရပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ အွန်လိုင်း လိမ်လည် လောင်းကစားမှုတွေ ပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။  
၂ နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းလည်း တရုတ်နိုင်ငံကို (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနဲ့  လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာ ၂၈ ရက်ကတည်းက ရောက်နေတာဖြစ်ပါတယ်။

တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူဟာ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ် နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးမှုတွေကို ထိန်းသိမ်းရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုကူညီထောက်ပံ့ပေးသွားမယ်လို့ပြောဆိုခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ စစ်ကောင်စီအပေါ် ထိုးစစ်ကြောင့် မကြာသေးခင်ကစ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာပါ။ 
မူဆယ်မြို့မှ စစ်ကောင်စီစခန်းတွေကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်‌နေစဉ် ကျယ်ခေါင်မြို့ဘက်ခြမ်းတွင် တရုတ်သံချပ်ကာယာဉ်များက နယ်စပ်တစ်လျောက် ကင်းလှည့်နေကြောင်းသိရပါတယ်။

မူဆယ်မြို့နဲ့ ထိစပ်နေသော မုံးကိုးဒေသမှ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူဆယ်မြို့မှ စစ်ကောင်စီစခန်းများကို ထပ်မံတိုက်ခိုက်မယ်ဆိုတဲ့သတင်းများ ထွက်ပေါ်နေတာဖြစ်ပါတယ်။
 
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required