နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက သွားရောက်ချင်သည့်နိုင်ငံအလိုက် အခွန်ကောက်ခံ

By ကီရာ(မဇ္ဈိမ)
01 November 2023
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက သွားရောက်ချင်သည့်နိုင်ငံအလိုက် အခွန်ကောက်ခံ
ပုံ  -ပတ်စပို့စ်ရုံးရှေ့ တန်းစီ စောင့်ဆိုင်းနေသူများ

တကြိမ်မျှ ပြည်ပသို့ သွားရောက်ဖူးခြင်း၊ ပြည်ပမှ ဝင်ငွေရရှိခြင်း မရှိသော်လည်း PJ (Passport for Job) အလုပ်အကိုင် ပတ်စပိုစ့်(နိုင်ငံကူးလက်မှတ်)အမျိုးအစားဖြင့် ပတ်စပိုစ့်သက်တမ်းတိုးပါက သွားရောက်ချင်သည့် နိုင်ငံအလိုက် အခွန်ကောက်ခံလျက်ရှိကြောင်း ပတ်စပိုစ့်သက်တမ်း သွားရောက်တိုးခဲ့သူများမှတဆင့် သိရသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာအပေါ် နိုင်ငံခြားငွေအမျိုးအစားအလိုက် ဝင်ငွေခွန်ကောက်ခံမည်ဟူသော စစ်ကောင်စီ၏ ထုတ်ပြန်ချက်အတိုင်း အောက်တိုဘာလမှစတင်၍ ၎င်းတို့မှ အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ပြီး အခွန်ကင်းရှင်းကြောင်း ထောက်ခံစာတင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခွင့်ပြုမည်ဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍လည်း စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်၊ လက်မှတ်ရုံးရှေ့များတွင်” PJ ( အလုပ်အကိုင် ပတ်စပိုစ့်) PS ( သင်္ဘောသား ပတ်စပို့စ်)များအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက ပြည်တွင်းအခွန်များ ဦးစီးဌာနမှ  ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း  ထောက်ခံချက်ပါ တပါတည်း ယူဆောင်လာရန် ကြိုတင်အသိပေးကြောင်း “ ဗီနိုင်းစာရွက်ကို ချိတ်ဆွဲထားခဲ့သည်။


အဆိုပါ ထုတ်ပြန်ချက်အတိုင်း စစ်ကောင်စီမှ PJ ( အလုပ်အကိုင် ပတ်စပိုစ့်) PS ( သင်္ဘောသား ပတ်စပို့စ်)များအတွက် သက်တမ်းတိုးသူများကို အခွန်ကင်းရှင်းကြောင်း ထောက်ခံစာပါမှသာ သက်တမ်းတိုးခွင့်ပြုနေခဲ့သည့်အပြင် ပြည်ပ ထွက်ခွာဖူးခြင်း မရှိသော်လည်း PJ အမျိုးအစား ပတ်စပိုစ့်ကိုင်ဆောင်ထားသူဖြစ်ပါက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာကို မိမိသွားရောက်ချင်သည့် နိုင်ငံအလိုက် အခွန်သတ်မှတ်ကောက်ခံနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ သွားရောက်ချင်သူဖြစ်ပါက ၅၀,၀၀၀ ကျပ်ဟု ၎င်းတို့မှ ပြောသော်လည်း အမှန်တကယ် ၈၆,၀၀၀ ကျပ်အထိ ပေးဆောင်ရပြီး ၊မလေးဟုဆိုပါက ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်အထိ ပေးဆောင်ရကာ ကိုရိးယားနိုင်ငံကို ၃၀၀,၀၀၀ ကျော်အထိ သတ်မှတ်ပြီး ဂျပန်ကို ၄၀၀,၀၀၀ ကျော်အထိ အခွန်သတ်မှတ်ကြောင်း သက်တမ်းသွားရောက်တိုးသူတဦးက ပြောသည်။

“သက်တမ်းသွားတိုးရင် အလုပ်စာချုပ် ပြခိုင်းပါတယ် ။ကိုယ်က ဒီတိုင်း အလုပ်သွားဖို့အတွက်လည်း မဟုတ်ဘဲ သက်တမ်းကုန်လို့ သက်တမ်းလာတိုးတာဆိုရင် ဘယ်နိုင်ငံ သွားမှာလဲဆိုတာကို မူတည်ပြီး ပိုက်ဆံကောက်တာပါ။ အလုပ်စာချုပ်ရှိတဲ့သူဆိုရင်တော့ သူတို့ပြောထားသလို နှစ်ရာခိုင်နှုန်းနဲ့ပဲ လုပ်မလား မသိပါဘူး။ အခုက ပြည်ပကနေ ဝင်ငွေလည်း မရဘူး၊ သွားတောင်မသွားဖူးတာကို အခွန်ပေးရတယ်ဆိုတော့ တော်တော်ကို အဓိပ္ပာယ်မရှိတာပါ။ ကျွန်တော်တို့ကတော့ ခံဘက်ကကြီးပါပဲ ။ အဲ့အခွန်ကင်းရှင်းကြောင်း ထောက်ခံစာမပါရင် သက်တမ်းတိုးဖို့ ဖောင်တင်တာကို သူတို့က လက်မခံဘူးလေ။ သူတို့ကပြောသေးတယ် မလိုအပ်ဘူးထင်ရင် လာမဆောင်နဲ့လေတဲ့”ဟု သက်တမ်းသွားရောက်တိုးခဲ့သူတဦးက ပြောသည်။

ထို့အပြင် ပင်လယ်ကူး သင်္ဘောသားများသည်လည်း ကြိုတင်ခွန်ပေးဆောင်ပြီးမှ ပတ်စပိုစ့်သက်တမ်းတိုးခွင့်ရမည်ဖြစ်သည့်အတွက် ကြိုတင်ခွန်ပေးဆောင်ရန်အတွက်မှာလည်း သင်္ဘောသားများအတွက် အခက်အခဲတခုဖြစ်နေခဲ့သည်။

သင်္ဘောတက်ရန်အတွက် ပတ်စပိုစ့်သက်တမ်း တနှစ် သို့မဟုတ် တနှစ်အထက်ရှိမှ ကုမ္ပဏီများက လက်ခံခြင်းနှင့် အလုပ်လျှောက်လွှာလက်ခံပြီးသော်လည်း သင်္ဘောတက်ရမည်မှာ မသေချာခြင်း၊ သင်္ဘောတက်ကာနီးရက်ပိုင်းအလိုမှသာ အလုပ်စာချုပ် ချုပ်ဆိုရခြင်း၊ စာချုပ် ချုပ်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းနိုင်ခြင်းနှင့် မည်သည့်ရာထူးဖြင့် သင်္ဘောတက်ရမည်ကို သေချာမသိနိုင်ခြင်းများလည်း ရှိသည့်အတွက် သာမန်ရာထူးဖြင့်လူကို အရာရှိလစာဖြင့် ကြိုတင်အခွန်ဆောင်ရပါကလည်း နစ်နာမှုရှိခြင်းနှင့် စာချုပ်သက်တမ်းမပြည့်ဘဲ ပြန်လာရပါက အခွန်နှင့် ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မသိရှိနိုင်ကြောင်း သင်္ဘော သားတဦးက ပြောသည်။

“အရင်တုန်းကလည်း ဆောင်ခဲ့ဖူးတယ် ၂၀၁၀ အရှေ့ပိုင်းတုန်းကပေါ့၊ ပြန်လာတဲ့အခါ basic pay ဘယ်လောက် ရာခိုင်နှုန်းပေါ့၊ အခုက အဲ့လိုမဟုတ်ဘဲ ကြိုတင်ဆောင်ခိုင်းတော့ အလုပ်နဲ့ပိုက်ဆံဆိုတာ ဘယ်ဆီနေမှန်းမသိဘူး၊ အခွန်အရင်ဆောင်တာကြီးက မဖြစ်သင့်ဘူးလေ။ ငါတို့ pp သက်တမ်းကုန်လို့ ပြန်တိုးရင်တောင် သင်္ဘောက လိုက်ဖြစ်ချင်မှ လိုက်ဖြစ်တာ အဲ့ငါးနှစ်အတွင်း သင်္ဘောမလိုက်ဖြစ်ရင် ထပ်တိုး အခွန်ကိစ္စကဘယ်လိုလုပ်ရမလဲ၊ ပြီးတော့ သင်္ဘောလိုက်မယ်ဆို pp သက်တမ်းက အနည်းဆုံး တနှစ် တနှစ်ခွဲရှိနေမှဖြစ်တာ”ဟု ၎င်း၏အခက်အခဲနှင့် ပတ်သက်၍ ပြောပြာသည်။

ပြန်လည်ပြင်ဆင်လိုက်သည့် အခွန်အကောက်ဥပဒေကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၄ မတ်လ ၃၁ရက်နေ့အထိ အကျိုးသက်ရောက်မှုရှိစေပြီး ပြည်ပရောက် မြန်မာ နိုင်ငံသားများကို အခွန်ကောက်ယူရာတွင် သက်သာခွင့်များနုတ်ပယ်၍ အခွန်တွက်ချက်ခြင်းနှင့် သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်း အခွန်တွက်ချက်သည့် နည်းလမ်းနှစ်ခုဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး  ပြည်ပရောက် မြန်မာများအနေဖြင့် လစာမဟုတ်သော ဝင်ငွေကိုလည်း ကင်းလွတ်ခွင့်မပြုတော့ဘဲ ရရှိသောနိုင်ငံခြားငွေအမျိုးအစားဖြင့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required