မြန်မာစစ်ကောင်စီအား ထောက်ပံ့သူများအပေါ် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 

မြန်မာစစ်ကောင်စီအား ထောက်ပံ့သူများအပေါ် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ် 
Photo − စစ်ကောင်စီတပ်သားများအားတွေ့ရစဉ်(ပုံဟောင်း)

မြန်မာအာဏာသိမ်း စစ်ကောင်စီထံ ထောက်ပံ့နေသည့် ရင်းမြစ်များကို ရည်ရွယ်ပြီး အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က အစောပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို အခြေတည်ကာ စစ်တပ်၏ လက်နက်ဝယ်ယူနိုင်စွမ်းကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအား အကြမ်းဖက်ဖြိုခွင်းခြင်းများ လုပ်ဆောင်နေသည့် နှစ်နှစ်ကျော် ကာလ၌ ယခု ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်လာခြင်းပဲ ဖြစ်သည်။ 

အာဏာသိမ်းပြီးသည်မှ နောက်ပိုင်း “မြန်မာစစ်အာဏာသိမ်းအုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေကို အကြိမ်ကြိမ် အန္တရာယ် ပြုနေတယ်၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ချိုးနှိမ်နေတယ်၊ လူနေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပြီး ပြည်သူသန်းပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းရတယ်”ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ယခု နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုသည် အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အထောက်အကူပြုနေသော ကုမ္ပဏီများနှင့် အစိုးရတာဝန်ရှိသူများ အပါအဝင် လူပုဂ္ဂိုလ်များအား ပစ်မှတ်ထားကြောင်း ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြသည်။ 

အဓိက အရေးယူမှုများကြားတွင် နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ဒဏ်ခတ်ပိတ်ဆို့မှုလည်း ပါဝင်သည်။ 

MOGE သည် နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ရှာဖွေပေးနေသည့် စစ်ကောင်စီအတွက် အကြီးဆုံးသော နိုင်ငံခြားဝင်ငွေ ရရှိသည့် ရင်းမြစ်ဖြစ်ကြောင်း အမေရိကန်က ပြောသည်။ 

“စစ်အာဏာသိမ်းအုပ်စုဆီ လက်နက်၊ လေယာဉ်ဆီနဲ့ ဝင်ငွေ စီးဝင်မှုတွေကို ရပ်တန့်နိုင်ဖို့ လက်တွေ အရေးယူမှုတွေ လုပ်ဆောင်ရန် နိုင်ငံအားလုံးကို ကျွန်တော်တို့ ဆက်လက်တွန်းအားပေးနေတယ်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ထုတ်ပြန်ချက်တရပ်၌ ဆိုသည်။ 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်အာဏာသိမ်းအုပ်စုဆီ လက်နက်နှင့် အခြား ကုန်စည်များ တင်သွင်းရာတွင် ကူညီပေးနေသည့် ကုမ္ပဏီ သုံးခုနှင့် လူပုဂ္ဂိုလ် ငါးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း သွင်းခဲ့သည်။ 

“ဒီကနေ့ အရေးယူမှုဟာ ကနေဒါနဲ့ ဗြိတိန်တို့နဲ့အတူ ညှိနှိုင်းဆောင်ရွက်တာ ဖြစ်ပါတယ်၊ မြန်မာစစ်တပ်ကို ကျွန်တော်တို့ စုပေါင်း ဖိအားပေးနေတာပါပ၌၊ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ရာမှာ လက်နက်နဲ့ လိုအပ်ရာတွေ ရရှိနေမှုကို ပိတ်ဆို့တာပဲ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေး စုံစမ်းထောက်လှမ်းမှုဆိုင်ရာ အတွင်းဝန် ဘရိန်းနယ်ဆန်က ပြောသည်။ 

စစ်ကောင်စီထံ ဘဏ္ဍာရေး ဝန်ဆောင်မှု ပေးနေခြင်းနှင့် ကန့်သတ်ကုန်စည်များ တင်သွင်းနေခြင်းများ၌ ပါဝင်နေသည့် လူပုဂ္ဂိုလ် ငါးဦးနှင့် အဖွဲ့အစည်း တခုကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း သီးခြားထုတ်ပြန်ချက်၌ ဗြိတိန်က ကြေညာသည်။ 

ကနေဒါအာဏာပိုင်များကလည်း ၎င်းတို့၏ နောက်ဆုံး အရေးယူမှုနှင့်အတူ ဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်ခြင်းအားဖြင့် လက်ရှိတွင် လူပုဂ္ဂိုလ် ၉၅ ဦးနှင့် အဖွဲ့အစည်း ၆၃ ခု ဒဏ်ခတ်ပိတ်ဆို့မှု စာရင်း သွင်းထားပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချပြီး သမ္မတ ဦးဝင်းမြင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖယ်ရှားကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required