ချင်းပြည်(Chinland)ဖွဲ့စည်းပုံဥပဒေမူကြမ်း ဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲ

By ပါခွီး(မဇ္စျိမ)
01 November 2023
ချင်းပြည်(Chinland)ဖွဲ့စည်းပုံဥပဒေမူကြမ်း ဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲ

ချင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဒုတိယအကြိမ်ပြင်ဆင် ရေးဆွဲနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီညီလာခံဖြစ်မြောက်ရေးအလုပ်အဖွဲ့ (WCCCC) က အောက်တိုဘာ ၂၈ရက်နေ့တွင်ထုတ်ပြန်သည်။

“အရွေ့တခုကိုကောင်းကောင်း လုပ်နိုင်တဲ့ အစည်းအဝေးတခု ၊ အောင်မြင်တယ်လို့ ကျနော်အနေနဲ့သုံးသပ်ပါတယ်” ဟု WCCCC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ငိုင်တမ်းမောင် က မဇ္စျိမကို ပြောသည်။

အလုပ်အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ၊ ချင်းအမျိုးသားတပ်ဦး(CNF) ဒေသ အုပ်ချုပ်ရေး နှင့် ကာကွယ်ရေးအဖွဲ့ဝင်များပါဝင်သဖြင့် နိုင်ငံရေး တော်လှန်ရေး နောက်ခံမတူညီသောကြောင့် အစည်းအဝေးတွင် ညှိနှိုင်းမှုများစွာပြုလုပ်ခဲ့ရကြောင်း ဆိုသည်။

သို့သော် တော်လှန်ရေး ထိရောက်မြန်ဆန်စွာပြီးဆုံးနိုင်ရေးနှင့် ချင်းအမျိုးသား စည်းလုံးညီညွတ်မှုအခြေခံမှ ဆွေးနွေးခဲ့ကြသဖြင့် ဆုံးဖြတ်ချက်မချနိုင်သည့် အကြောင်းအရာများရှိခဲ့သော်လည်း အရေးကြီးသည့် ကိစ္စများကိုမူ သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း ဒေါက်တာ ငိုင်တမ်းမောင် က ဆက်ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲခဲ့သည့်အပြင် ချင်းညီလာခံဖြစ်မြောက်ရေးအတွက် ပြင်ဆင်ခြင်း ၊ တာဝန်ခွဲဝေခြင်းများကိုလည်း အစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုအတွက် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးနှင့် စစ်ရေးပိုင်းတွင် ဗျူဟာကျကျ အချက်ကျကျ လုပ်ကိုင်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို အမြန်ဆုံးအတည်ပြုလိုသော်လည်း အရင်လိုသဖြင့် ခိုင်မာမှုမရှိသော ဖွဲ့စည်းပုံ မဖြစ်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အလုပ်အဖွဲ့အနေဖြင့် ရှေဆက်၍ ညှိနှိုင်းရေးလုပ်ငန်းများ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး အခြေခံမူကြမ်းပေါ်ပေါက်လာပါက ညီလာခံခေါ်ယူအတည်ပြုကာ ဖွဲ့စည်းပုံနှင့်အညီ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနှင့် ဥပဒေပြု မဏ္ဍိုင်သုံးရပ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးများတွင် မြို့နယ်အဆင့်ကိုယ်စားပြုသော အဖွဲ့ နှစ်ဖွဲ့ပါဝင်လာခြင်းမရှိသေးသဖြင့် ၎င်းတို့နှင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း ဒေါက်တာငိုက်တမ်းမောင် က ပြောဆိုသည်။

ယခု အလုပ်အဖွဲ့အစည်းအဝေးကို လွတ်မြောက်နယ်မြေတနေရာတွင် အောက်တိုဘာလ ၂၄ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းညီလာခံဖြစ်မြောက်ရေးဖြစ်မြောက်ရေး အလုပ်အဖွဲ့ကို  ချင်းလွှတ်တော် ကိုယ်စားလှယ်များ ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဒေသအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များမှ ကိုယ်စားလှယ် ၁၀၈ ဦးတက်ရောက်ခဲ့သည့် အစည်းအဝေးမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required