စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၈ ဦးဒဏ်ရာရ

By YT(မဇ္ဈိမ)
01 November 2023
စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၈ ဦးဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီ​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများ (ဓါတ်ပုံ- KPSN)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် ဒေသခံ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU) ဗဟို​၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံက သတင်းရရှိသည်။

အောက်တိုဘာလ ၃၀ ရက်နေ့၊ ညပိုင်းတွင်  ညောင်လေးပင်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀) နှင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ​က ၁၂၀ မမ နှင့် ၈၁ မမ အမျိုးအစား လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်မှုကြောင့် ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ဒေသခံလေးဦး ဒဏ်ရာရပြီး အခြား နေအိမ်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

" မနေ့ညက ညောင်လေးပင် ခမရ (၂၀ )နဲ့ ရွှေကျင်၊ ညောင်လေးပင်ကားလမ်းပေါ်က မို့ခိုမိုတံတားဂိတ်တွေကနေ လက်နက်ကြီးတွေနဲ့ပစ်တာ တော်တော်များတယ်။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ပစ်တာ။ လူအထိအခိုက်ရှိတယ်" ဟု မြေပြင်သတင်းရင်းမြစ်တဦးက ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။

 လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရသူများမှာ ရေဖြူကန်ကျေးရွာမှ အသက် တနှစ်ခွဲအရွယ် မောင်မင်းခန့်ဇော်၊ ၎င်း​၏ မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မခင်မိုးဝေ၊ အသက်သုံးနှစ်အရွယ် မယွန်းယွန်း၊ အသက် ၂၇ နှစ်အရွယ် ကိုရန်ဝင်းအောင်တို့ဖြစ်ပြီး ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၃၀ ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)မှ စစ်ကောင်စီတပ်သားများက သာယာကုန်းစစ်ကောင်စီစခန်းမှနေ၍ ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့မှုကြောင့် KNU တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ကျေးရွာမှ ဒေသခံ လေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးထိမှန် ဒဏ်ရာရသူများမှာ အသက် ၁၃ နှစ်အရွယ် မအိရွှေစင်၊ အသက် ၁၈ နှစ်အရွယ် မသွန်းရွှေစင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သေးသေး၊ အသက် ၅၈ နှစ်အရွယ် ဦးထွေးတင်တို့ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ တလအတွင်း KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်တဦးနှင့် အမျိုးသမီးတဦးသေဆုံး၍ အမျိုးသမီး ၁၃ ဦး၊ ဆရာတော်တပါး အပါအဝင် ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ အောက်တိုဘာလအတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required