စစ်ကောင်စီတပ်သားများနှင့် ဝန်ထမ်းများ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးဆက်သွယ်ပူးပေါင်းကြရန် ကလလတ တိုက်တွန်း

By 001(မဇ္စျိမ)
03 November 2023
စစ်ကောင်စီတပ်သားများနှင့် ဝန်ထမ်းများ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံးဆက်သွယ်ပူးပေါင်းကြရန် ကလလတ တိုက်တွန်း
ပုံအညွှန်း-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်စဉ်

စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့် ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့် အမြန်ဆုံးဆက်သွယ်ပူးပေါင်းကြရန် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

နေ့စဉ်နှင့်အမျှ စစ်ဗိုလ်ချုပ်ကြီးတစုအတွက် အသုံးချခြင်းခံနေရသော အဖြစ်မှန်ကို သိမြင်သဘောပေါက်ကြပြီး ပြတ်ပြတ်သားသားရုန်းထွက်ကာ ကလလတအဖွဲ့အစည်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းရန် ကလလတက ဆိုထားသည်။

စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အခြားအုပ်ချုပ်ရေးဘက်မှ မည်သည့်အဆင့်အတန်းရှိသူမဆို လက်နက်ခဲယမ်းများ တပါတည်း ယူဆောင်လာသည်ဖြစ်စေ၊ မပါရှိဘဲဖြစ်စေ လာရောက်လိုပါက အချိန်မရွေးဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

“ သုံ့ပန်းတွေအတွက်၊ ကျွန်တော်တို့ဆီမှာ လာပူးပေါင်းတဲ့ CDM တွေအတွက် ကြိုတင်ပြီးတော့ နေရာပြင်ဆင်ထားတာစီစဉ်ထားတာတော့ နဂိုတည်းက ရှိပါတယ်။ အဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ပြောလို့မရဘူး။ အခုလက်ရှိ ကျွန်တော်တို့က သူတို့သွားလိုရာကို စီစဉ်ပေးတာပေါ့။ ဥပမာနိုင်ငံခြားသွားမယ်ဆိုရင်လည်း နိုင်ငံခြားကိုပို့ပေးတာတို့ စီစဉ်ပေးတာတို့ ချိတ်ဆက်ပေးတာတို့ပေါ့။ ကျွန်တော်တို့ဆီမှာတော့ အကြာကြီးလက်ခံထားတာမျိုးတော့ မလုပ်ဘူး။ သူတို့သွားလိုတဲ့နေရာတွေစီစဉ်ပြီးတော့မှ ပို့ပေးတာပေါ့။ တချို့ကတော့ ကျွန်တော်တို့နဲ့ပဲ အတူတူနေချင်တယ်။ တော်လှန်ရေးပဲဆက်လုပ်ချင်တယ်ဆိုတဲ့ဟာတော့ တမျိုးပေါ့လေ”ဟု ကလလတ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လောရင်းစိုးကပြောသည်။

စစ်ကောင်စီတပ်မှ လာရောက်ပူးပေါင်းသူများကိုလည်း အသက်နှင့် ဂုဏ်သိက္ခာအတွက် အပြည့်အဝတာဝန်ယူမည်ဖြစ်ပြီး မည်သည့် နှိပ်စက်ညှဥ်းပန်းမှုမှ ပြုလုပ်မှာမဟုတ်ကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားမှာလည်း မဟုတ်ကြောင်း ကလလတက ကြေညာထားသည်။

ထို့ပြင် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများမှလွဲ၍ လာရောက်ပူးပေါင်းသူများ၏ မည်သည့် ကိုယ်ပိုင်ပစ္စည်းကိုမှ သိမ်းဆည်းယူငင်မဟုတ်ဘဲ ထိခိုက်ဒဏ်ရာရရှိထားသူများ၊ နာမကျန်းဖြစ်နေသောသူများကို ဆေးဝါးကုသစောင့်ရှောက်ပေးမည်ဖြစ်ကာ သွားလိုရာဒေသသို့ အမြန်ဆုံးဆက်သွယ်သွားရောက်နိုင်ရေး ခရီးစရိတ်မှအစ အကောင်းဆုံးစီစဉ် ဆောင်ရွက်ပေးမည်ဟုလည်း ပါရှိသည်။

၁၉၉၄ ခုနှစ်ကတည်းက ၂၉ နှစ်ကြာ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် လက်ရှိတွင် ကရင်နီပြည်နယ်၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်နေသည့် အဖွဲ့တခုဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required