မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများ နဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြော

မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများ နဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားပြော

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးအခက်ခဲများကိုဖြေရှင်းနိုင်အောင်ကြိုးပမ်းမှုအဖြစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ က ထုတ်ဖော်ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ ၂ဝ၂၃ ခုနှစ် အာဆီယံ သတင်းမီဒီယာ ညီလာခံမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ (Retno Marsudi) က အခုလိုပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းချဉ်းကပ်မယ့်အစီအစဉ်မှာ ဆက်လက်ပါဝင်သွားမှာဖြစ်ကြောင်း ဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပြီးဆုံးသွားပြီဆိုရင်လည်း မြန်မာ့အရေးအတွက် မိမိတို့ ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောဆိုခဲ့တယ်လို့ ဂျကာတာသတင်းမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ချဉ်းကပ်မယ့်အစီစဉ်ကို သဘောတူညီခဲ့သလို အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အဆိုပါအာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းချဉ်းကပ်မယ့်အစီအစဉ်ကို လာအိုနိုင်ငံ လက်ထက်မှာ စတင်ဖွယ်ရှိနေပြီး အဲဒီအစီအစဉ်အရ ၂ဝ၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ၂ဝ၂၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုနိုင်ငံ၊ ၂ဝ၂၅ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မလေးရှားနိုင်ငံ တို့ ပူးပေါင်းချဉ်းကပ်ရဖွယ်ရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့က အလှမ်းဝေးနေဆဲပါဖြစ်တယ်လို့လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအစိုးရက ဝန်ခံပြောကြားထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလိုအခြေအနေတွေ ရှိနေပေမယ့် သူတို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမျိုးတွေ ဖြစ်ပေါ်ရေးအတွက် သက်ဆိုင်သူတွေကို ဆက်လက်ပြီး ဖျောင်းဖျစည်းရုံးမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဟာ အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်နိုင်တာမျိုးမရှိကြောင်းပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ရေးအတွက် တွန်းအားပေးလှုံဆော်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာအရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံချဉ်းကပ်မယ့်အစီအစဉ်မှာ ပူးပေါင်း ပါဝင်ကာ မြန်မာပြည်သူတွေအတွက် အဓိကအာရုံစိုက်လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီ၊ အမ်ယူဂျီ အပါအဝင် အခြားတိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required