သိန္နီမြို့တွင် လက်နက်ကြီးပစ်ခတ်မှု ဒေသခံ ၄ ဦးသေဆုံး လေကြောင်းဖြင့်ပါ တိုက်ခိုက်

By ဓါတု (မဇ္ဈိမ)
02 November 2023
သိန္နီမြို့တွင် လက်နက်ကြီးပစ်ခတ်မှု ဒေသခံ ၄ ဦးသေဆုံး လေကြောင်းဖြင့်ပါ တိုက်ခိုက်
ဓါတ်ပုံ-လက်နက်ကြီးကြောင့်သေဆုံးသွားသည့် သားအမိနှစ်ဦး၊ စယ်အူနှင့် ခူးဝိန်း၊ တိုင်ယက်ရွာတွင်လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်များ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲမရှိသည့်အချိန်အတွင်း စစ်ကောင်စီ၏လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့်  ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေသခံ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကြောင့်သေဆုံးသွားသူများမှာ သိန်းန္နီ- ကွမ်းလုံလမ်းခွဲ၊ မူဆယ်အတက်လမ်း တိုးဂိတ်အနီး ရပ်ကွက်(၄)၌ နေအိမ်အတွင်း ထမင်းစားနေသော  ဒေါ်နန်းစော(အသက် ၆၀ ဝန်းကျင်)နှင့် မနန်းအေးလှိုင်(၃၀ နှစ်)တို့ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 

 ထို့နောက် သိန္နီမြို့ နမ့်စလပ်ကျေးရွာအုပ်စုတွင်မူ အသက် ၆၀ နှစ် ဝန်းကျင်အရွယ် ဦးစိုင်းစိုးနှင့် ဒေသခံတဦး(နာမည်စုံစမ်းဆဲ)မှာလည်း လက်နက်ကြီးကြောင့် သေဆုံးသွားကြောင်းသိရသည်။

ထို့အပြင်ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၃ နာရီ မိနစ် ၃၀ ၌ စစ်ကောင်စီ၏ ဝေဟင်မှလက်နက်များဖြင့် ပစ်ခတ်မှုကြောင့် သိန္နီမြို့ စယ်အူကျေးရွာတွင် နေအိမ် ခုနစ်လုံးနီးပါး ပျက်စီးကြောင်း သိန္နီမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသည့် လူငယ်ခေါင်းဆောင်တဦးက မဇ္စျိမကိုပြောသည်။

" တိုက်ပွဲဖြစ်တဲ့အချိန်မဟုတ်ဘဲ ရမ်းပစ်တာပေါ့။ စစ်ကောင်စီဘက်ကပစ်တာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လားရှိုးတိုင်းရုံးဘက်ကနေ ပစ်တဲ့လက်နက်ကြီးအစအနတွေက အခုထိရှိနေတုန်းပဲ။ မနေ့ညနေက သားအမိနှစ်ယောက်က စစ်ရှောင်မဟုတ်ဘူး၊ သူ့နေအိမ်နောက်ဖေးမှာ ထမင်းစားနေရင်း လက်နက်ကြီး​ကြောင့်ပွဲ ချင်းပြီးသေဆုံးတာ၊ မနေ့ကတင် လေးယောက်သေတယ် ။ ဒီနေ့မနက်မှာတော့ စယ်အူမှာ လေယာဥ်နဲ့ပစ်လို့ နေအိမ်တွေထိခိုက်ပျက်စီးတယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီ၏ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးမှုရှိပြီး နေအိမ်စုစုပေါင်းအလုံး ၂၀ အထက် ထိခိုက်ပျက်စီးကြောင်း ၎င်း၏အဆိုအရ သိရသည်။

ထို့အပြင်သိန္နီမြို့အနီး ခူးဝိန်းနှင့်တိုင်ယက်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် ညဥ့်သန်းခေါင်အချိန်၌ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်  ဒေသခံနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါရက်က လက်နက်ကြီးကြောင့် နေအိမ်တလုံးမှာ ပြာကျသည့်အထိပျက်စီးသွား၍ နေအိမ်အများစုမှာ ဆိုးရွားသည်အထိ ထိခိုက်ပျက်စီးကြောင်း ဒေသခံတဦးကပြောသည်။

သိန္နီမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်အထိ လက်နက်ကြီးပစ်ခတ်သံများကို ၁၅ မိနစ်တကြိမ်၊ နာရီဝက်တကြိမ် ခပ်စိပ်စိပ်ပစ်ခတ်သံများမကြာခဏကြားနေရကြောင်း ဒေသခံများကဆိုသည်။

သိန္နီမြို့ဒေသခံနှင့် စစ်ဘေးရှောင်အပါအဝင် စုစုပေါင်း  ၅၀,၀၀၀ ဝန်းကျင်ရှိရာ လက်ရှိအခြေအနေအရ သိန္နီမြို့ပေါ်တွင် ဘုန်းကြီးကျောင်း ခြောက်ကျောင်း၊ ကျေးရွာများတွင် ခုနစ်ကျောင်း စုစုပေါင်း ၁၃ ကျောင်းသာရှိသောကြောင့် အဆိုပါကျောင်းများတွင် စစ်ဘေးရှောင် ၈,၀၀၀ ကျော်သာခိုလှုံတိမ်းရှောင်နေရ၍ ကျန်ဒေသခံအများစုမှာ ၎င်းတို့နေအိမ်တွင်သာနေထိုင်နေရသည်။

ယင်းဒေသခံများမှာ လမ်းပန်းဆက်သွယ်မှုနှင့် ဖုန်း၊ အင်တာနက်လိုင်းပြတ် တောက်နေမှုကြောင့် ပိတ်မိနေသည့်အနေအထားဖြစ်နေ၍ အခက်အခဲများစွာရှိနေသလို အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ကူညီပေး၍ မရနိုင်သောကြောင့် နီးစပ်ရာတခြားမြို့များသို့ စစ်ဘေးရှောင်တိမ်းရန်ခက်ခဲခြင်း၊ဒေသခံအချင်းချင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရေး၊ စားရေးအခြေအနေများကိုဆောင်ရွက်နေရကြောင်း သိန္နီမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသည့် လူငယ်ခေါင်းဆောင်က ဆိုသည်။

"အရမ်းခက်ခဲနေတယ်။ ဘယ် CSO(အရပ်ဘက်အဖွဲ့အစည်း)မှ လာကူလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး နေရေးစားရေးအတွက်အွန်လိုင်းပေါ်ကနေအလှူခံတယ်။ အင်တာနက်လိုင်းတွေပြတ်နေတော့ WiFi တောင် ရတချက်မရတချက်နဲ့ အလှူခံလို့ရတဲ့ပိုက်ဆံတွေ ထုတ်ဖို့လည်း ခက်တယ်၊ တခြားမြို့တွေကိုသွားလို့လည်း မရဘူး၊ လမ်းပန်းခက်ခဲနေတော့ တိုက်ပွဲလည်းဖြစ်နေတော့ လောက်ကိုင်ရော မူဆယ်ရော တက်လို့မရဘူး ။ လမ်းတွေမှာ ဘူဒိုဇာတွေနဲ့မြောင်းအကြီးကြီး ဖော်ထားတာတွေ၊ တံတားတွေပျက်စီးလို့ သွားလို့မရတော့ဘူး။ ငွေသားလက်ခံမှုရရင် သွားဝယ်ရတာ၊ ဒီကာလထပ်ရှည်မယ်ဆိုရင် စားနပ်ရိက္ခာအတွက် ဒီထက်ခက်ခဲနိုင်တယ်၊ မြို့အတွင်း ကုန်စည်စီးဆင်းမှု လည်ပတ်တာမရှိတာကြောင့် စားနပ်ရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိလာနိုင်တယ် "ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို တအောင်းတပ်မတော် (TNLA )နှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်ခဲ့ရာ နှစ်ဘက်တိုက်ပွဲပြင်းထန်၍ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required