စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ်  ဒရုန်းဖြင့်ကြဲချ

By MTO (မဇ္စျိမ)
02 November 2023
စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် တ်ိုက်တွန်းစာရွက်များ မြောင်မြို့မှ ရဲစခန်း ၂ခုပေါ်  ဒရုန်းဖြင့်ကြဲချ
MSPDF တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ခဲ့ပြီးနောက်  စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ကြို‌ဆိုမည်ဟု ကမ်းလှမ်းထားသည့် လက်ကမ်းစာစောင်များကို ဒရုန်းဖြင့် ကြဲချအသိပေးခဲ့ကြောင်း Myaung Special People Defense Force -MSPDF က‌ ပြောသည်။

MSPDF နှင့် မဟာမိတ်အဖွဲ့များက  ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်တွင် မြောင်မြို့မရဲစခန်းနှင့် ကျောက်ရစ်ရဲစခန်းတို့ကို Fixed Wing Drone  ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း တပါတည်း ကြဲချခဲ့ခြင်းဖြစ်သည်။

MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးက " ရှမ်းမြောက်မှာ ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) အရမ်းသေနေတယ်။ အလင်းဝင်သွားတဲ့သူတွေလည်းအများကြီးရှိနေတယ်။ဒါကြောင့်ဒီကောင် တွေလည်း အလင်းဝင်ချင်ရင်လာခဲ့လို့ရပါတယ်ဆိုတာ အသိပေးတာပါ" ဟု ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် မြောင်မြို့မရဲစခန်းကို ဗုံးသီး လေးလုံး နှင့် ရဲစခန်း အနီးရှိ စစ်ကောင်စီဗိုလ်တဦးနေထိုင်သည့် နေရာနှင့် ကျောက်ရစ်ရဲစခန်းကို ဗုံးသီးတလုံးစီကြဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိသေးဟု ဆိုသည်။ပြည်သူ့ ရင်ခွင်ထံအမြန်ခိုလှုံရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များကိုလည်း ရဲစခန်းတည့်တည့်ပေါ် ကြဲချခဲ့ခြင်းဟု MSPDF အဖွဲ့ ထံမှ သိရသည်။

လက်ကမ်းစာစောင်များတွင် " ရဲဘော်တို့ အာဏာရူးမင်းအောင်လှိုင်ရဲ့ လက်အောက်မှာမနေဘဲ  အလင်းဝင်ဖို့ ပြည်သူ့ရင်ခွင်က ကြိုဆိုပါတယ်။ပြည်သူ့ ရင်ခွင်မှာ ရပ်တည်ပါ ။ ပြည်သူ့အစိုးရထံမှာ ခိုလှုံပါ "ဟူသော စာသားအပါအဝင် အလင်းဝင်ရန် တိုက်တွန်းချက်များ ရေးသားထားသည်။

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁)-မြေလတ်PDF၊  မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း တပ်ခွဲ(၃)- 7 PDF ၊ မိတ္ထီလာခရိုင် အမှတ်(၃)တပ်ရင်း ၊ မြင်းခြံ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊တိုက်နယ် ပကဖ (မြောင်) ၊မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာ  ၁၀၂၇ စစ်ဆင်ရေးကို   ရှမ်းပြည်နယ်မြောက်ပိုင်း၌  အောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍  တိုက်ပွဲဝင်နေစဥ် ကွမ်းလုံမြို့နယ်အခြေစိုက်  ခလရ (၁၄၃) သည် အောက်တိုဘာလ ၃၀ရက်တွင် တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်လာခဲ့သည်ဟု MNDAAက ထုတ်ပြန်ထားသည်။ ထိုကဲ့သို့ တပ်ရင်းတရင်းလုံး လက်နက်ချအလင်းဝင်ချိန်တွင် စစ်ကိုင်းတိုင်းသို့ ရောက်နေသော စစ်ကောင်စီစစ်ကြောင်းများလည်း အလင်းဝင်စေလို၍ လက်ကမ်းစာစောင်များကြဲချခြင်းဟု MSPDF အဖွဲ့ တာဝန်ခံ ကိုမြတ်ကြီးကပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required