ဂန့်ဂေါ၊မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၂၀ထက်မနည်းသေဆုံးပြီး ၁၀ဦး အရှင်ဖမ်းမိဟုဆို

By ပါခွီး(မဇ္စျိမ)
03 November 2023
ဂန့်ဂေါ၊မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၂၀ထက်မနည်းသေဆုံးပြီး ၁၀ဦး အရှင်ဖမ်းမိဟုဆို
ပုံအညွှန်း - မင်းရွာရဲစခန်းကို မြင်တွေ့ရစဥ်

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မင်းရွာရဲကင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီနှင့်ရဲအင်အား ၄၀ခန့်ရှိသော မင်းရွာရဲကင်းစခန်းကို ယနေ့ နိုဝင်ဘာလ ၃ရက် နံနက် ၅နာရီ ၅၀မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်း သေဆုံးပြီး ၁၀ဦးအရှင် ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ABSDFပြန်ကြားရေးတာဝန်ခံရဲဘော် ပြည့်ဖြိုးကျော်က မဇ္စျိမ ကိုပြောသည်။

"ဗျူဟာမြောက် ဝင်တိုက်တာပါ။မင်းရွာရဲစခန်းရပါပြီ" ဟု ဒေသကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုက်ခိုက်ပြီးနောက် မင်းရွာရဲစခန်းကို မီးရှို့ဖျက်ဆီးနေပြီး နယ်မြေရှင်းလင်း‌နေသည်ဟု ရဲဘော် ပြည့်ဖြိုးကျော်က ယနေ့ နေ့လယ်အခြေအနေကိုပြောသည်။

အဆိုပါစခန်းကို မနက် ၉နာရီ ၃၀မိနစ်ခန့်အချိန်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စစ်ကောင်စီဘက်မှသေဆုံးထိခိုက်မှုများကို  လတ်တလော မသိရှိရသေးပေ။

 တိုက်ပွဲဖြစ်ပွားချိန်အတွင်း ဂန့်ဂေါမြို့အခြေစိုက် အမြောက်တပ်ရင်းမှ ဟောင်ဝင်ဇာ ‌အမြောက်
များဖြင့်ပစ်ကူခဲ့ပြီး ခလရ (၅၀) ကလည်း အင်အား ၁၀၀ခန့်ဖြင့် စစ်ကူ ပေးရန်ကြိုးစားခဲ့သည်။ စစ်ကူရန်လာသည့် စစ်ကြောင်းကို ဂန့်ဂေါမြို့ အထွက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ပြည်သူများကို ဘေးလွတ်ရာရှောင်တိမ်းရန်အသိပေးထားကြောင်း ရဲဘော် ပြည့်ဖြိုးကျော် က ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို ABSDF နှင့် ဂန့်ဂေါမြို့နယ်အခြေစိုက်တပ်ဖွဲ့များမှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်စဥ်အသေးစိတ်များကို ထုတ်ပြန်အသိပေးသွားမည်ဟု ABSDF ကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ ကလေးဝမြို့အပြင် မင်းကင်းမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းများကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်များ တပြိုင်နက်တိုက်ခိုက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဂန့်ဂေါမြို့နယ်မှမင်းရွာရဲကင်းစခန်း၊ ကလေးမြို့နယ်မှ ရာဇဂြိုလ်ရဲဘက်စခန်းနှင့်မြောက်စီးရဲစခန်း၊တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲနှင့်ဝိတုပ်ကျေးရွာမှ စစ်ကောင်စီစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်‌ဆင်ရေးတွင် စစ်ကောင်စီ အထိနာနေစဉ် စစ်ကိုင်းတိုင်းအတွင်း အချိန်တိုက်တိုက်ပွဲဖော်ဆောင်နေခြင်းဟု ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly