ပုလဲမြို့ပေါ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
02 November 2023
ပုလဲမြို့ပေါ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီယာဉ်တန်းနှင့် အထိုင်ချတပ်စွဲနေသည့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် အင်မထီးကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီးများကိုသယ်ဆောင်ကာ ပုလဲမြို့ပေါ်တွင် ယာယီတပ်စွဲနေခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး အသုံးပြု၍ တနာရီ ခန့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

“စစ်ယာဉ်တန်းနဲ့ စစ်ကောင်စီတပ်စွဲနေတဲ့ နေရာတွေကိုအဓိကထားပြီး လက်နက်ကြီးအဖွဲ့ ၁၂ ဖွဲ့နဲ့ပစ် ခတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကလည်း ၈၀ မမ တွေ၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပြန်ပစ် တယ်” ဟု ၎င်းကဆိုသည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီး အမျိုးသမီးတဦး သေဆုံးပြီး၊ စစ်ကောင်စီတပ်သား များလည်း ထိခိုက်မှုရှိကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား၊ ပုလဲဂျော်ကာ၊ သေမင်းတမန်၊ တော်လှန်ပြောက်ကျား၊ Real Hero နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှု မရှိကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ယာဉ်တန်းအပြင် အင်အား ၂၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ချဉ်ပစ်၊ ပိတောက်ကုန်း၊ ကြာစီ စသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required