မုံရွာမြို့တွင် အထိုင်ချဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးဟုဆို

By ပါခွီး (မဇ္စျိမ)
02 November 2023
မုံရွာမြို့တွင် အထိုင်ချဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ - အမြင့်လမ်းပေါ် ညောင်ပင်သာရပ်ကွက်တွင် အထိုင်ချတပ်စွဲထားသည့် ဂိတ်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) က နိုဝင်ဘာ ၂ရက် ယနေ့တွင်ထုတ်ပြန်သည်။

ညောင်ပင်သာရပ်ကွက် သုံးထပ်တိုက်တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေး၍ ငွေကြေးကောက်ခံလေ့ရှိသော အဆိုပါဂိတ်ကို နိုဝင်ဘာလ ၁ရက် ညနေ ၃နာရီ ၄၅မိနစ်အချိန်တွင် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ စခန်းသိမ်းဖို့ထိ ရည်ရွယ်ပြင်ဆင်ထားတာပါ ၊ အလစ်အငိုက်နဲ့ သူတို့ ဘန်ကာကို RPG နဲ့ စပစ်လိုက်တယ် ၊ အဲဒီအနောက်မှာ ရှိတဲ့သူတွေအတုံးအရုံးဖြစ်သွားတဲ့အချိန်မှာ ကျနော်တို့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို နေရာလေးနေရာမှ ၂၅မိနစ်ခန့် လက်နက်ကြီးငယ်များဖြင့် တရစပ်ဝင်ရောက်ပစ်ခတ် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ဦး မျက်မြင်သေဆုံးသည်ကို တွေ့ရပြီး ဆေးရုံရောက်ပြီးမှ ခြောက်ဦးထပ်မံသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်းဆိုသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီနင်းစဥ် စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် စနိုက်ပါသာ ပြန်လည်တုံ့ပြန်နိုင်ပြီး စခန်းသိမ်းနိုင်လုအချိန်တွင် အနီးရှိ မအူပင်စစ်ကောင်စီဂိတ်မှ ကားသုံးစီးဖြင့် စစ်ကူရောက်လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

“ ကျနော်တို့ အဲဒီကားသုံးစီးကိုလည်း ဖြတ်တောက်တိုက်ခိုက်လို့ရပါတယ် ၊ ဒါပေမဲ့ အများပြည်သူသွားလာနေတဲ့ လမ်းဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူထိခိုက်မှာစိုးတဲ့အတွက် ဆုတ်ခဲ့ရတာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ monywa the Boys မှ ဦးဆောင်ပြီး တပ်ရင်း(၄) တပ်ခွဲ(၁) The Spring Dove PDF ၊ တပ်ရင်း(၄) တပ်ခွဲ(၃) Monywa Night King PDF ၊ မုံရွာခရိုင်တပ်ရင်း (၁၃) ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ မုံရွာခရိုင် ပကဖ ၊ 5/ UG Task Force ၊ Monywa Commando Force ၊ Unity Force ၊ SRDF ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဒဿပြောက်ကျားတပ်ဖွဲ့တို့ မှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်သာကျေးရွာမြောက်ပိုင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ကာကွယ်ရေးတပ်ပေါင်းစုက ဆိုသည်။

လက်ရှိ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ခိုက်အောင်မြင်မှုများအပေါ် အားရကျေနပ်မှုရှိပြီး ၎င်းတို့ကဲ့သို့ တိုက်ခိုက်လိုသော်လည်း လက်နက်ခဲယမ်းအခက်အခဲရှိကြောင်း သို့သော် စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း Chindwin Attack Force တပ်ရင်း(၄) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားခဲ့သည်။

အဆိုပါ ညောင်ပင်သာစခန်းကို မုံရွာမြို့အခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၈နေ့ ညနေ ၄နာရီ ၁၅မိနစ်မှ စတင်ပြီး ၄၅မိနစ်အကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ရုပ်သံအညွှန်း - စစ်ကောင်စီ အထိုင်စခန်းကို ဝိုင်းဝန်းတိုက်ခိုက်စဥ်/ရုပ်သံ - Chindwin Attack Force တပ်ရင်း(၄)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required