တော်လှန်ရုပ်ရှင်ပြသပြီး နိုင်ငံရေးတရားဟောပြောသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
02 November 2023
တော်လှန်ရုပ်ရှင်ပြသပြီး နိုင်ငံရေးတရားဟောပြောသည့် ကျေးရွာပေါင်းစုံသပိတ်
ပုံအညွှန်း - တော်လှန်ရုပ်ရှင်နှင့် လူထုနိုင်ငံရေးတရားဟောကြားစဥ် /ဓါတ်ပုံ - ရွာပေါင်းစုံသပိတ်ကော်မတီ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကျေးရွာတရွာတွင် တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေး တရားဟောပြောပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ညပိုင်းက ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် နောက်ပြန် မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်တို့က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

“တော်လှန်ရုပ်ရှင်ပြသတာနဲ့ တော်လှန်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ ဖက်ဒရယ်အကြောင်းတွေ ဟောပြောခဲ့ကြပါတယ်၊ သွေးမအေးဖို့၊ နိုင်ငံရေးအသိတွေနိုးကြားတဲ့အတွက် နောက်များမှာလည်း ပြသ ဟောကြားပေးဖို့ တောင်းဆိုကြတယ်” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြော သည်။

တော်လှန်ရုပ်ရှင်ပြသပွဲတွင် There Was ၊ မပြီးသေးဘူး ငါတို့လှည့်ကျန်သေးတယ်၊ မိုးခါးရေးနှင့် တော်လှန်ရေးသီချင်းများကို ပြသခဲ့ကြောင်းဆိုသည်။

တော်လှန်ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေးတရားဟောပြောပွဲများတွင် ကိုကောင်းကောင်း(ကျီးကန်း)၊ ကိုဏ ကြီး ၊ မပိုင်ဖြိုးသုတို့မှ လူထုကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ကျေးရွာပေါင်းစုံသပိတ်ကော်မတီသည် တော်လှန်ရုပ်ရှင်ပြသခြင်းကို ကျေးရွာပေါင်း ၂၃ ရွာတွင်ပြသပြီးခဲ့ ကြောင်းဆိုသည်။ သပိတ်ကော်မတီသည် စစ်အာဏာရှင်ကို နေ့စဥ် ဆန့်ကျင်ချီတက်ခြင်း ၊ စစ်ဘေးရှောင် များကို ကူညီခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly