မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားများ ထိခိုက်သေဆုံး

By YT  ( မဇ္ဈိမ)
02 November 2023
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားများ ထိခိုက်သေဆုံး
ပုံအညွှန်း- လက်နက်ကြီး ထိမှန်၍ ဒဏ်ရာရသူများ (ဓါတ်ပုံ- KNU) 

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် စစ်ကောင် စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နတ်သံကွင်းတံတားပေါ်မှ စစ်ကောင်စီတပ်သားများ၏ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ သပြေကုန်းကျေးရွာမှ အသက် ၇၆ နှစ်အရွယ် စောပဲပဲ ဒဏ်ရာရခဲ့ ပြီး ဒေသခံ ၂၂၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
 
“သပြေကုန်း၊ ရေတွင်းကုန်း ပတ်ချာလည်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာ မနေ့(အောက်တိုဘာ ၃၁) ကတည်းက။ ၅၉၉ တို့ ၅၉၀ တို့ ၄၃၉ တို့ နတ်သံကွင်းဂိတ်တို့ကနေ ဆက်တိုက်ပစ်တာ။ တိုက်ပွဲဖြစ်တယ် ထင်တယ်။ ကျွန်တော်တို့နဲ့က နည်းနည်းဝေးတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ထို့အတူ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၄၃၉)မှ ၁၅၅ မမ ဟောင်ဝှစ်ဇာမြောက်ဖြင့် ကျေးရွာများဘက်သို့ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာနှင့် ရေလဲကျေး ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ်တဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။

လက်နက်ကြီးထိမှန် သေဆုံးသွားသူမှာ ပျဉ်းမပင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် နော်ဒါးဖောဖြစ်ပြီး ဒဏ်ရာရခဲ့သူများမှာ ရေလဲ (အရှေ့ဘက်ခြမ်း) ကျေးရွာမှ အသက် ၂၀ အရွယ် နော်အယ်စေးနှင့် အသက် ကိုးနှစ်အရွယ် နော်စေးလာဝါးဖြစ်သည်။ 

အောက်တိုဘာလ  ၃၁ ရက်နေ့တွင် မုန်းမြို့နယ်၊ ကျီးပင်ပေါက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းရှိပြီး စစ်ကောင်စီက အနီးအနားကျေးရွာများရှိရာသို့ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ပြုလုပ် ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရေလဲ (အနောက်ဘက်ကမ်း)၊ သောင်ကြီး၊ ကျီးပင်ပေါက်၊ ရေလဲ (ဗမာ)၊ ဝက်တူး၊ သင်္ကန်းပင်၊ ပျဉ်းမပင် ကျေးရွာ များမှ ဒေသခံ ၅,၂၃၈ ဦး စစ်ဘေးတိမ်းရှောင်နေရကြောင်း KNU က ဆိုသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required