မိုးရေးမြို့တွင် ရဲအရာရှိအသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ

By ပါခွီး (မဇ္စျိမ)
02 November 2023
မိုးရေးမြို့တွင် ရဲအရာရှိအသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ
ပုံအညွှန်း - မိုးရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ် ၊ ဓါတ်ပုံ - Explore Manipur

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့တွင် ရဲအရာရှိတဦး အသတ်ခံ ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးရေးမြို့ ရဲစခန်းအနီးအတွင် ရဟတ်ရယာဥ်ကွင်းဆောက်လုပ်ရန် ကသည်းလူမျိုးအရာရှိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က နယ်မြေစစ်ဆေးနေစဥ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

၎င်းအရာရှိသေဆုံးပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မဏိပူရ ရဲ၊ ကွန်မန်ဒိုနှင့် အာသံရိုင်ဖယ် စစ်တပ်တို့ပူးပေါင်းပြီး တရားခံရှာဖွေရန် မြို့ကိုစစ်ဆေးစဥ် အထောက်အထားမရှိသော စစ်ဘေးရှောင်နှင့် ဈေးလာရောင်းသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီမှာရှိတဲ့ ကွင်းတကွင်းကို ရဟတ်ယာဥ်ကွင်းလုပ်ချင်တာ ဒေသခံတွေက လက်မခံဘူး။ အဲဒါနဲ့ပတ် သက်ပြီး သူတို့အချင်းချင်းပစ်ကြတဲ့သဘောပေါ့။ အဲဒီရဲအရာရှိသေတာနဲ့ပတ်သက်ပြီး မကျေနပ်လို့ လုပ် တဲ့တရားခံကို လိုက်ဖမ်းတယ်ဆိုတဲ့ပုံစံနဲ့ ရပ်ကွက်တွေထဲကို အော်ပရေးရှင်းဆင်းရင်းနဲ့ မြန်မာနိုင်ငံသား တွေကို အထောက်အထားမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းတာ။

အမျိုးသမီးနဲ့ကလေးတွေတော့ ပြန် လွတ်ပြီ။ အခြေအနေက ဘာမှပြောလို့မရဘူးဖြစ်နေတော့ ကျနော်တို့လည်း ရှောင်နေရတယ်” ဟု မိုးရေး မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကိုပြောသည်။

ပုံအညွှန်း - မိုးရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ် ၊ ဓါတ်ပုံ - Explore Manipur

အဖမ်းအဆီးခံရသည့် မြန်မာနိုင်ငံသား ၄၁ ဦးတွင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၉ ဦးပါဝင်ကာ အမျိုးသမီးများနှင့် အသက်မပြည့်သည့်ကလေးများကို ပြန်လွှတ်လိုက်ပြီး အမျိုးသား ၁၃ ဦး ဆက်လက် ထိမ်းသိမ်းခံနေရဆဲဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ကို မိုးရေးရဲစခန်းတွင်ထိန်သိမ်းထားပြီးနောက် အမျိုးသမီးနှင့်ကလေးများအား ပြန်လွှတ်ပေးခဲ့ကာ အမျိုးသားများကို စစ်ဆေးရန် အခြားတနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကြောင်း သိရသည်။

မဏိပူရပြည်နယ်မြို့တော် အင်ဖားသို့ခေါ်ဆောင်သွားကြောင်း အခြားသတင်းအရင်းမြစ်ထံမှ သိရသော် လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခုဖြစ်စဥ်မှာ ဖြစ်ပွားလျက်ရှိသည့် ကသည်းနှင့် ကူကီးလူမျိုးများအကြား လူမျိုးရေးပဋိပက္ခ၏ နောက် ဆက်တွဲဖြစ်ပြီး မြန်မာနိုင်ငံသားများမှာ ကြားညပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် နေ သည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် ယနေ့တွင် မိုးရေးမြို့ကို ၄၈ နာရီ အပြင်မထွက်ရ Total Shutdown ချလိုက်ပြီး ရပ်ကွက်များအတွင်းသို့ လုံခြုံရေးများဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘာဆက်ဖြစ်မယ်တော့ မသိသေးဘူး။ ဒီဘက်နေတဲ့ မြန်မာတွေကတော့ နီးစပ်ရာတွေမှာ ရှောင်တိမ်း နေကြရတယ်။ အခြေအနေက အော်ပရေးရှင်းပြီးမှပဲ အိမ်ပြန်နေလို့ရမယ်ထင်တယ်” ဟု မြန်မာစစ်ဘေး ရှောင်တဦးက တိမ်းရှောင်နေရာမှ မဇ္စျိမကိုပြောပြသည်။

သေဆုံးသွားသည့် ရဲအရာရှိအတွက် ရူပီး သိန်း ၅၀ ပေးအပ်သွားမည်ဖြစ်ပြီး မိသားစုဝင်တဦးကိုလည်း အစိုးရအလုပ်ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ပုံအညွှန်း - မိုးရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ် ၊ ဓါတ်ပုံ - Explore Manipur

မဏိပူရပြည်နယ်အစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များကို ဒုက္ခသည်(ခိုလှုံသူ) များအဖြစ်လက်မခံဘဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သဘောထားကြောင်းသိရသည်။

ယခုနှစ် ဇန်နဝါရီအတွင်းက မိုးရေးမြို့နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင် ၈၄ ဦးကို ဒေသအာဏာပိုင် များကဖမ်းဆီးခဲ့ပြီး အင်းဖားမြို့ Sajiwa အကျဥ်းထောင်တွင်ထိန်းသိမ်းထားခဲ့ပြီး ၎င်းအထဲမှ ၃၅ ဦး လွတ် မြောက်ခဲ့ပြီး နောက်ထပ်ငါးဦး လွှတ်မိန့်ရထားသော်လည်း အာမခံမရှိသေးသဖြင့် မထွက်နိုင်သေးကြောင်း သိရသည်။

ထို့ပြင် မဏိပူရပြည်နယ်၊ ကျူရာကျန်ပူမြိုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၀၀ ကျော် နေထိုင်ခွင့် အထောက်အထားမရှိမှုဖြင့် Sajiwa အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည်မှာ သုံးနှစ်ကျော် ကြာမြင့်နေပြီး ထောင်အတွင်း စားသောက်နေထိုင်ရေးခက်ခဲနေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိ ကြောင်း ၎င်းတို့၏ မိသားဝင်များထံမှ သိရသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required