ပြင်ဦးလွင်မှထွက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်၊ သံချပ်ကာကား ၁စီးပျက်စီး၊ယာဉ်တန်းရှေ့ဆက်မတိုးနိုင်

By ဂျူချန်း(မဇ္ဈိမ)
02 November 2023
ပြင်ဦးလွင်မှထွက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်၊ သံချပ်ကာကား ၁စီးပျက်စီး၊ယာဉ်တန်းရှေ့ဆက်မတိုးနိုင်
ပုံအညွှန်း-ပြင်ဦးလွင်မှ ထွက်ခွာလာသည့်ယာဉ်တန်း၊ သိမ်းဆည်းရရှိသည့်လက်နက်နှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားကို MDY-PDF မှ ဆေးကုသပေးနေစဉ်

ပြင်ဦးလွင်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို နောင်ချိုမြို့အနီး အုမ္မတီးလမ်းပိုင်းတွင် TNLA နှင့် မန္တလေး PDFက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး  ယာဉ်တန်းရှေ့ဆက်မတိုးနိုင်သေးကြောင်း PDF နှင့် ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့နံနက်က  ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသည့် ကားအစီးရေ ၃၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းအား ညနေ ၄နာရီခွဲခန့်တွင် အုမ္မခါးကျေးရွာအနီးမှ စောင့်၍  ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု မန္တလေးPDF  ပြန်ကြားရေး တာဝန်ခံကိုအော်စမွန် က ပြောသည်။ယာဉ်တန်းတွင်ပါဝင်သည့် သံချပ်ကားနှစ်စီးအနက် တစီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“ယာဉ်တန်းမှာ သံချပ်ကာကားနှစ်စီးပါတယ်ဗျ။ အဲ့နှစ်စီးထဲက တစီးကို ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တစီးကတော့ မီးခိုးငွေ့တွေနဲ့ အငွေ့တွေထွက်ပြီးတော့ တိုက်ပွဲထဲကနေ နောက်ဆုတ်သွားတာ တွေ့ရပါတယ်ဗျ” ဟု ကိုအော်စမွန်က ပြောသည်။

ယင်းတိုက်ပွဲအတွင်း သေနတ် ခြောက်လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများလည်းရှိပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုလည်းရှိသည်ဟု ဆိုသည်။  ဒဏ်ရာရ စစ်သုံ့ပန်းများကိုဆေးကုသပေးလျက်ရှိကြောင်း မန္တလေး PDF ကယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

" အသက်ရှင်ရက် ဖမ်းဆီးမိတာရော၊ အလောင်းရရှိတာရော ရှိပါတယ်။ တိုက်ပွဲမပြီးသေးတဲ့အတွက် အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ကိုအော်စမွန်က ပြောသည်။

ပုံအညွှန်း-ပြင်ဦးလွင်မှ ထွက်ခွာလာသည့်ယာဉ်တန်း၊ သိမ်းဆည်းရရှိသည့်လက်နက်နှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားကို MDY-PDF မှ ဆေးကုသပေးနေစဉ်

ယမန်နေ့က  အုမ္မတီး၊ အုမ္မခါး လမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲမှတ်တမ်းကို မန္တလေး PDF က  ရုပ်သံဖိုင်ဖြင့်ထုတ်ပြန်ထားရာ  သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း နှစ်လောင်းနှင့် ဒဏ်ရာရထားသည့် စစ်သားနှစ်ဦးကို ယင်းရုပ်သံ၌တွေ့ရသည်။  ဒဏ်ရာရထားသူများကို ဆေးကုသပေးရန် PDF များက ပြောဆိုနေသည်ကို တွေ့ရသည်။

PDF  ရဲဘော်တဦးက “တက်မလာနဲ့သိလား။ မြောက်ပိုင်းကိုလာရင် သေဖို့ပဲရှိတယ်” ဟု ပြောဆိုထားသည်ကိုလည်း ရုပ်သံ၌ တွေ့ရသည်။

ယင်းလမ်းပိုင်းတွင် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၁နာရီ အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ် နေကြောင်း သိရသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် နေရာအနီးတဝိုက်ရှိ ရေဝင်၊ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်း၊ ရွှေညောင်ပင်၊သုံးဆယ်၊ ဆမ်ဆယ် စသည့် ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“လူတွေလည်းမရှိတော့ဘူး။ အိမ်တွေပစ်ပြေးကုန်ပြီ။ ယာဉ်တန်းကတော့ နောင်ချိုမရောက်သေးဘူး။ အဲ့နားလေးပဲ ထိတွေ့မှု ဆက်ဖြစ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

နောင်ချိုမြို့အတွင်းရှိ သံဘိုကျေးရွာမှစစ်ကောင်စီတပ်စခန်းကို TNLAနှင့်မန္တလေး PDF နှင့် ပူးပေါင်းတပ်ဖွဲ့က  အောက်တိုဘာ ၂၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။  ထို့အပြင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဂုတ်တွင်းတံတားကိုလည်း မဟာမိတ်ပူးပေါင်းအဖွဲ့မှ ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောသည်။

ပုံအညွှန်း-ပြင်ဦးလွင်မှ ထွက်ခွာလာသည့်ယာဉ်တန်း၊ သိမ်းဆည်းရရှိသည့်လက်နက်နှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားကို MDY-PDF မှ ဆေးကုသပေးနေစဉ်

ယခု ပြင်ဦးလွင်မှ ထွက်လာသည့် ယာဉ်တန်းသည် နောင်ချိုမြို့သို့ ဦးတည်နေပြီး ထိုမှတဆင့် ဂုတ်တွင်း၊ ကျောက်မဲသို့ ဆက်သွားနိုင်ခြေရှိကြောင်း ဒေသခံများက ပြောဆိုသည်။ လက်ရှိတွင် ယင်းယာဉ်တန်းသည် နောင်ချိုမြို့သို့ မရောက်ရှိနိုင်သေးဘဲ ပြင်ဦးလွင်နှင့် နောင်ချိုကြားတွင် တိုက်ခိုက်ခံနေရကာ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကို TNLA နှင့်အတူ  မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်ခဲ့ပြီး ယနေ့သည် စစ်ဆင်‌ရေး ခုနစ်ရက်မြောက်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) လက်အောက်ရှိ မန္တလေး PDF သည် “တောင်သမန်စစ်ဆင်ရေး” ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required